တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၇ ယောက်အထိ ရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးပျက်စီးဆုံးရှုံးမှုစာရင်းကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၈ ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီစာရင်းအရ ဇွန် ၁၆ ရက်မှ ဇူလိုင် ၆ ရက်အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၇ ယောက်ရှိခဲ့ပြီး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒဏ်ရာရသူ ၃ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အမျိုးသား ၃၁ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ကို ဖမ်းဆီးထားကာ အကြမ်းဖက်မှုတွေကြောင့် နေအိမ်စွန့်ခွာထွက်ပေးရသူ ၄၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ်သား ၃၀၀ လောက်က ကုန်းလမ်းသာမက ရေလမ်းကပါ အသုံးပြု စစ်ကြောင်းထိုးခဲ့သလို လေကြောင်းကင်းထောက်တွေပါ အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းတွေရှိနိုင်တဲ့ တောတောင်တွေအထိ ဝင်ရောက်ရှာဖွေ စစ်ကြောင်းထိုးခဲ့တဲ့အပြင် အနီးတဝိုက်ကျေးရွာတွေကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၆ ရက်မှ ဇူလိုင် ၄ ရက်အထိ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူ ၆၇၀ အတွက် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၃၄ သိန်းကျော် အကူညီပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။