နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို ဇူလိုင် ၈ ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က အမှုနဲ့ပတ်သက်တဲ့ ကျူးလွန်ခဲ့တာတွေအား တရားရုံးကို တင်ပြခဲ့ပြီး သမ္မတ ဦး၀င်းမြင့်ကလည်း သူ့အနေနဲ့ ကျူးလွန်တာတွေ၊ ညွှန်ကြားတာတွေ မရှိကြောင်းကို အထောက်အထားတွေနဲ့ ပြန်ချေပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းခဲ့ပြီး နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲကာ ရာဇတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုထားတာပါ။
ဒီအမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program) ပြုလုပ်ခဲ့ပြီး သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို အစဉ်အတိုင်း စစ်ဆေးသွားမှာဖြစ်ပါတယ်။