Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး
DVB
·
July 6, 2022
Myaing PDF

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာနားမှာ ဇူလိုင် ၅ ရက်က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တနေကုန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားသလို PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့  မြိုင် ပ.က.ဖ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“မနက် ၈နာရီလောက်ကနေ ညနေ ၅ နာရီလောက်အထိ စစ်(...)တွေနဲ့ ကျနော်တို့ မြိုင် ပ.က.ဖ တပ်ရင်း ၁ အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်(...)တွေဘက်က ထိခိုက်သေဆုံးသူ များပြားပြီး ကျနော်တို့ဘက်က ရဲဘော် နှစ်ယောက် ကျဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်။ စစ်(...)အင်အားကတော့ ၈၀ နဲ့ ၁၀၀ ကြားရှိနိုင်တယ်။ မြိုင်မြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာဗျ။ ကျနော်တို့ဘက်က ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေ၊ လက်လုပ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့တယ်။”

စစ်ကောင်စီတပ်တွေ အလောင်းတွေတောင် မကောက်နိုင်တော့ဘဲ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ တွဲခေါ်သွားတဲ့ အကြောင်းနဲ့ ထိခိုက်သေဆုံးဒဏ်ရာရတဲ့သူ အရေအတွက် အတိအကျကိုတော့ မသိရသေးလို့  ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ပွဲကို မြိုင် ပ.က.ဖ တပ်ရင်း ၁၊ MVRF၊ Black God ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ဂျိမ်းစဘွန်းပြောက်ကျားတပ်ဖွဲ့နဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ ဇွန် ၃၀ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတယောက် အမောဖောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024