ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ)ရုံးရှေ့မှာ ဇူလိုင် ၅ ရက် ညဦးပိုင်းအချိန်က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ပေါက်ကွဲမှုကြောင့် နေအိမ်တချို့ မိုင်းစထိမှန်ခဲ့ရာ ပြည်သူ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းကဆို ပါတယ်။
ဒေသခံတဦးက "ပေါက်ကွဲသံ နှစ်ချက် အရင်ကြားရတယ်။ စစ်ကားတစီး အဲဒီရုံးရှေ့အရောက် မိုင်းတလုံး ထပ်ကွဲသံကြားလိုက်ရတာ"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေကဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။