ကျနော်သည် လူ့အသုံးအဆောင်ပစ္စည်းများအနက် ဖိနပ်ကို တခြားအသုံးအဆောင်ပစ္စည်းများထက် ပိုပြီး စိတ်ဝင်စား၏။ ငယ်စဉ်က နာရီ၊ အင်္ကျီ၊ ဖောင်တိန်၊ ဦးထုပ်များကို ဖိနပ်ထက်ပိုပြီး ခုံမင်ခဲ့ဖူးသော်လည်း ကျနော့်စိတ်အာရုံထဲတွင် ဖိနပ်ကသာ ပိုပြီးလွှမ်းမိုးနေတတ်၏။ ဖိနပ်ကို ပိုပြီး အလေးအနက်ထားမိ၏။ ဥပမာ ငယ်စဉ်ဘ၀ သူငယ်ချင်းမိန်းကလေး တဦးနှင့် ကစားရင်း ရန်ဖြစ်သည့်အခါ ထိုသူငယ်ချင်းမိန်းကလေးက ‘ဖိနပ်နဲ့ ပါးရိုက်ခံချင်လို့လား´ဟု ရန်စကားပြောသည့်အတွက် ကျနော့်မှာ ဆတ်ဆတ်ခါအောင် ဒေါသထွက်ခဲ့ဖူး၏။ ကျနော်က ‘တုတ်နှင့်၊ ဒါမှမဟုတ် တခြားအရာဝတ္ထု တခုခုနှင့် ရိုက်ခံချင်လို့လား’ဟု မေးသည်ထက် ‘ဖိနပ်နှင့် အရိုက်ခံချင်လို့လား’ဟု မေးသည်ကို ပိုပြီး ခံစားနာကျင်မိ၏။
တခါတရံ အိမ်ခြံဝင်းထဲတွင် မည်သူက စွန့်ပစ်ထားခဲ့မှန်းမသိသည့် ဖိနပ်အဟောင်းများကို တွေ့လျှင် မိဘများက ခြံဝင်းအပြင်သို့ ကမန်းကတန်းလွှင့်ပစ်တတ်၏။ အိမ်ထဲသို့ စနေနံ မဝင်ကောင်းဟု ပြောတတ်သည့် မိခင်၏စကားကို တွေးမိသည်။ စနေနံချင်းတူပါလျက် ဦးထုပ်၊ ထီးနှင့် နာရီများထက် ဖိနပ်ကို ဘာကြောင့်ပိုပြီး ထိတ်လန့် စိုးရိမ်တတ်ပါလိမ့်ဟု မေးခွန်းထုတ်မိ၏။ လူတွေက ‘ဖိနပ်’ကို တခြားလူ့အသုံးအဆောင်ပစ္စည်းများနှင့် တတန်းစားတည်း သဘောမထားကြသည့်အတွက် ကျနော့်မှာ ‘ဖိနပ်’ကို ပိုပြီး စိတ်ဝင်စားခဲ့၊ လေးနက်နေခဲ့လေသလား မသိ။
ငယ်စဉ်ဘဝတလျှောက်လုံး ‘ဖိနပ်’ကို အနုတ်လက္ခဏာသဘောနှင့် လက်ခံလာခဲ့သည့် ကျနော်မှာ အသက် ၂၀ ဝန်းကျင်တွင် သဘောထားတချို့ပြောင်းလဲဖို့ ဖြစ်လာခဲ့၏၊ ကျနော့်သဘောထားကို တစုံတရာ ပြောင်းလဲအောင် ဖန်တီးလိုက်သည့် ‘ဖိနပ်’မှာ အပြင်တွင် တကယ်ရှိသည့် ‘ဖိနပ်’တော့ မဟုတ်။ ဒိန်းမတ် ပုံပြင်ဆရာ ‘အင်ဒါဆင်း’၏ ‘ပုံပြင်လာ’ဖိနပ်တရန်ပင် ဖြစ်သည်။ ချစ်သူ၏ရှေ့တွင် ခြေထောက်တွေ မည်မျှပင် နာကျင်ရသည်ဖြစ်စေ၊ တန်ခိုးရှိသည့် ဖိနပ်ကလေးကိုစီးပြီး ကခုန်ဖြေဖျော်ခွင့်ရလျှင် ကျေနပ်နေတတ်သည့် ရေသူမလေးပုံပြင်ထဲမှ ‘တန်ခိုးရှိ ဖိနပ်ကလေး တရန်’ကို ကျနော့်မှာ အကြောင်းတိုက်ဆိုင်တိုင်း သတိရနေတတ်၏။ ‘ဖိနပ်’ကို အဆင့်အတန်း နိမ့်ကျသည့် အရာဝတ္ထုတခုအဖြစ်မှ တခြားတွေးတောဖွယ် အရာဝတ္ထုအဖြစ်သို့ ကူးပြောင်း လက်ခံလိုက်မိ၏။
ကျနော့်စိတ်ထဲတွင် မိမိကိုယ်တိုင်က သတိမထားမိဘဲ အလိုလို နက်ရှိုင်းစွာ သိမ်းဆည်းထားမိသည့် ‘ပုံပြင်လာ ဖိနပ်’ ကလေးအပြင် နောက်ထပ် ဖိနပ်တရန်ကို တွေ့ရပြန်၏။ ယင်းဖိနပ်တရန်မှာလည်း အပြင်တွင် တကယ်ရှိသည့် ဖိနပ်တရန် မဟုတ်ပြန်ပေ။ ပန်းချီကားတချပ်ထဲက ‘ဖိနပ်’တရန် ဖြစ်၏။ ပန်းချီကား၏ လက်ရာရှင်မှာ မည်သူမည်ဝါရယ်ဟု ခွဲခြား မမှတ်မိတော့သည့်တိုင် ပန်းချီကားထဲက ‘ဖိနပ်’တရန်ကိုမူ အကြောင်းတိုက်ဆိုင်တိုင်း မျက်စိထဲ၌ ပြန်လည်မြင်နေမိ၏။ ပန်းချီကားထဲက ဖိနပ်တရန်မှာ ‘ဒေါက်မြင့်ဖိနပ်ကလေးတရန်’ဖြစ်၏။ ဒေါက်မြင့်ဖိနပ်ကလေးတဖက်မှာ တစောင်းလဲလျက် ရှိပြီး ထိုလဲနေသည့် ဒေါက်မြင့်ဖိနပ်ပေါ်တွင် ယောက်ျားဖိနပ်တဖက်က ပိနေသည့် ပန်းချီကားပုံ ဖြစ်သည်။ ပန်းချီကား၏ အမည်မှာ ‘အဖေက ပန်းနာသည်၊ မောင်နှမ ခြောက်ယောက်’ဟု ပေးထား၏။ ထိုပန်ချီကားထဲက ‘ဒေါက်မြင့်ဖိနပ်ကလေး တရန်’ကို ကြည့်ကာ ကျနော့်မှာ အတွေးအမျှင်တန်းလျက် ကြေကွဲနေခဲ့ဖူး၏။ ရက်များစွာ ကြာသည်အထိ၊ ပန်းချီကား တချပ်ထဲက ဒေါက်မြင့်ဖိနပ်ကလေးအကြောင်း လူတကာကို လိုက်ပြောလို့မဆုံးအောင် စိတ်လှုပ်ရှားနေခဲ့ဖူးလေသည်။
‘ပုံပြင်လာဖိနပ်’၊ ‘ပန်းချီကားထဲက ဒေါက်မြင့်ဖိနပ်’တို့မှာ အပြင်တွင် တကယ်ရှိသည့် ဖိနပ်များ မဟုတ်ကြပါ။ သို့ပေသည့် ကျနော်က အပြင်တွင် တကယ်ရှိသကဲ့သို့ စိတ်ဝင်စား ငြိတွယ်ခဲ့ရ၏။
အပြင်တွင် တကယ်ရှိသော ဖိနပ်တရန်ကိုမူ အသက် ၄၀ ကျော်ကာမှ ကျနော် တွေ့ရ၏။ ထိုဖိနပ်တရန်မှာ ကျွန်တော့်သား သုံးယောက်စီးရန် အိမ်ရှင်မကိုယ်တိုင် ဝယ်ပေးထားသည့် ဖိနပ် ဖြစ်သည်။ ကတ္တီပါသဲကြိုးတပ် သားရေဖိနပ်တရန် ဖြစ်၏။ ထိုစဉ်က ကျနော်သည် ကျောင်းဆရာအလုပ်မှ ထွက်ကာ နိုင်ငံရေးနယ်ပယ်တွင် ခြေစုံပစ်ဝင်လိုက်သည့်အချိန် ဖြစ်၏။ တမိသားစုလုံး၏ စားဝတ်နေရေးကိစ္စကို အိမ်ရှင်မက ဈေးတောင်းခေါင်းရွက်ပြီး တာဝန်ယူနေရသောအချိန် ဖြစ်၏။ တနှစ်ကြီး တနှစ်ငယ် ဖြစ်ကြသည့် သားသုံးယောက်မှာ တယောက်နှင့် တယောက် မတိမ်းမယိမ်း သဘောဖြစ်သဖြင့် အိမ်ရှင်မက သားသုံးယောက်စလုံး စီးနိုင်သည့် အနေတော် ဖိနပ်တရန်ကို ဝယ်၏။ ရွာထဲတွင် အလှူပွဲလမ်းရှိလျှင် သားသုံးယောက် တလှည့်စီ စီးပြီး ပွဲဝင်ရန် စည်းကမ်းချက်ချ၏။ တနေ့ သားသုံးယောက်စလုံး ကျောင်းတက်နေသည့် စာသင်ကျောင်းတွင် ဆရာပူဇော်ကန်တော့ပွဲလုပ်၏။ ထိုအခါ သားသုံးယောက်စလုံးက ဆရာပူဇော်ကန်တော့ပွဲ သွားချင်ကြ၏။ မိဘနှစ်ပါးမသိအောင် အိမ်ထရံအကွယ်တွင် အိုးခြမ်းပဲ့မြှောက်ပြီး မဲချကြ၏။ အိမ်ရှင်မက မကြားဟန်ပြုကာ ဟင်းရွက်ခူးသွားဦးမည်ဟုဆိုပြီး အိမ်ပေါ်က ဆင်း၏။ ကျနော်က မသိဟန်ဆောင်ကာ စာကိုသာ ခေါင်းငုံ့ပြီး ဖတ်နေလိုက်၏။ ထိုနေ့ညက သားသုံးယောက်စလုံး အိပ်ပျော်နေကြသည့်အခိုက် ကျနော်တို့ လင်မယား နှစ်ယောက် ‘ဖိနပ်တရန်’ကို ထိုင်ကြည့်ကာ သေရာပါမတတ် ခံစားခဲ့ရ၏။ ထိုအချိန်မှစကာ သားသုံးယောက်ပိုင် ‘ဘုံဆိုင် ဖိနပ်တရန်´ကိုလည်း ကျနော် မမေ့နိုင်တော့။
အသက်အရွယ်ရလာသောအခါ ‘ပုံပြင်လာ ဖိနပ်’၊ ‘ပန်းချီကားထဲက ဖိနပ်’နှင့် ‘သားသုံးယောက်ပိုင် ဘုံဆိုင်ဖိနပ်’တို့အပြင် စာအုပ်ထဲတွင် ဖတ်ရ၊ တွေ့ရသော ဖိနပ်များကိုလည်း စိတ်ထဲ၌ စွဲလမ်း အောက်မေ့တတ်လာခဲ့၏။ တခါတွင်မူ ဂျာမနီပြည်တွင် နာဇီဟစ်တလာ လက်ပါးစေများက လူတွေကို အဆိပ်ခန်းအတွင်း သွင်းကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်စဉ် သေဆုံးသူများ ချန်ရစ်ကျန်ရစ်သည့် ဖိနပ်ပုံကြီးတပုံကို စာအုပ်တအုပ်ထဲတွင် ကျနော်တွေ့ရ၏။ အဆိပ်ခန်းအတွင်း ဝင်ခဲ့ကြရသည့် ဖိနပ်ပိုင်ရှင်များအတွက် ကျနော့်မှာ ကြေကွဲရ၏။ ထိုနည်းတူ ရုရှားနိုင်ငံ ဇာဘုရင့်နန်းတော်ကို ဝိုင်းဝန်းဆန္ဒပြကြသည့် ရုရှားပြည်သူများကို နန်းတော်စောင့်တပ်သားများက သေနတ်နှင့် ပစ်ခတ်နှိမ်နင်းအပြီး အိုဒက်ဆာ လှေကားထစ်များပေါ်က လူသေအလောင်းများ၊ ဦးထုပ်များကြားထဲတွင် ဖိနပ်များ ဖရိုဖရဲကျန်ရစ်သည့် ဓာတ်ပုံကိုကြည့်ကာ ကျနော့်မှာ တုန်လှုပ်ချောက်ချားရ၏။ ထို ‘အိုဒက်ဆာလှေကားပေါ်က ဖိနပ်များ’သည်လည်း ကျနော့်အတွက် မေ့မရနိုင်သည့် ဖိနပ်များ ဖြစ်လာခဲ့၏။
ယခုအခါ မည်သည့်အချိန်တွင်ဖြစ်စေ လမ်းဘေးတနေရာ၌ သဲကြိုးပြတ် ဖိနပ်တဖက် သို့မဟုတ် နွမ်းရိစုတ်ပြတ်နေသည့် ဖိနပ်တရန်ကိုဖြစ်စေ ဖိနပ်အကောင်းတရန်ကိုပင် ဖြစ်စေ တွေ့မိလျှင် လမ်းကို ဖြောင့်အောင်မသွားနိုင်ဘဲ ထိုလမ်းဘေးက ဖိနပ်ကိုသာ လှည့်ကြည့် လှည့်ကြည့် လုပ်နေခဲ့မိ၏။ ပြီးတော့ ကျနော့်မှာ အချိန်ကြာမြင့်စွာ စိတ်လှုပ်ရှား ရင်ခုန်နေမိလေတော့၏။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)