မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇူလိုင် ၄ ရက်နေ့က စစ်တပ်ထုတ်ကုန် အရက်ဘီယာတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ကြတယ်လို့ ပေါက်တော်လှန်ရေးအင်အားစု PRF က ပြောပါတယ်။
ပခုက္ကူမြို့ကနေ ပေါက်မြို့ဘက်ကို စစ်တပ်ထုတ် အရက်ဘီယာတွေ တင်ဆောင်မောင်းနှင်လာတဲ့ ကား ၁ စီးကို ဇူလိုင် ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ PRF နဲ့ ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းဖမ်းဆီးပြီး စစ်တပ်ထုတ်အရက်ဘီယာနဲ့ ကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ PRF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကားပေါ်မှာပါလာတဲ့ အလုပ်သမား ၄ ယောက်ကိုတော့ နောက်နောင်မှာ စစ်တပ်ထုတ်ကုန်တွေကို မတင်ဆောင်ကြဖို့နဲ့ သူတို့ကို အထောက်ကူပြုစေမယ့် လုပ်ငန်းတွေကို ရှောင်ရှားကြဖို့ သတိပေး ပြောကြားပြီး ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဓိကစီပွားရေးဒေါက်တိုင်တွေဖြစ်သလို အဲဒီကရတဲ့ အကျိုးအမြတ်တွေ၊ အခွန်ငွေတွေနဲ့ ပြည်သူကို ဒုက္ခအမျိုးမျိုးပေးဖို့ လက်နက်တွေ၊ ကျည်ဆန်တွေ ဖြည့်ဆည်းပေးနိုင်အောင် အားပေးရာရောက်တာကြောင့် အဲဒီကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို သပိတ်မှောက်ပေးခြင်းဖြင့် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဆိပ်ဖြူမြို့နယ်မှာလည်း ဇွန် ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့တွေမှာ ဆိပ်ဖြူဘာမထီ PDF က စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား ၂ စီးကိုတားဆီးပြီး ကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။