Home
မြန်မာသတင်း
ပေါက်နှင့်ပခုက္ကူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်
DVB
·
July 4, 2022
292051332_158756586729046_3388665674077672666_n

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇူလိုင် ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က သရက်ကန်ရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၄ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ကားတစီး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ဒရုန်း ၃ စင်း ဆုံးရှုံးကာ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ‌ေကြတယ်။ စစ်(...)တွေ မီးရှို့ဖျက်ဆီးခဲ့လို့ သရက်ကန်ကျေးရွာက အိမ်ခြေ ၃၅ လုံးနဲ့ ရေနံတွင်း ၄၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေက လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူကြတယ်။” 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ လုံခြံရေးအသိ လုံခြုံရေးသတိရှိပြီး မြိုင် ပ.က.ဖ က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။

ပေါက်မြို့နယ် သရက်ကန် ရဲကင်းစခန်းကို ဇွန် ၂၅ ရက်နေ့ကလည်း  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားလို့ ရဟတ်ယာဥ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ပခုက္ကူ-မြိုင်လမ်း အင်ပင်ရွာနဲ့ ကုန်းတက်ကန်ရွာကြားမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PUGF နဲ့ PKU N PDF တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ PUGF ရဲ့ တာဝန်ခံ ဗိုလ်တမာက ပြောပါတယ်။

ပြောက်ကျားစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗိုလ်တမာက “မောင်းပြန်သေနတ် တလက်ရဖို့ကို မျက်ကလဲဆန်ပြာ ကြိုးစားနေရပါတယ်။ လက်နက်ကြီး တလက် ရရှိဖို့ကိုလည်း အသက်နဲ့ရင်းပြီး ထုတ်လုပ်ကြရပါတယ်။ လက်လုပ်တတောင့်ထိုး ကျည်ဆန်တတောင့်ကိုလည်း ၆၀၀၀/၇၀၀၀ ကျပ်လောက် ပေးဝယ်နေကြရတာမို့ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ထောက်ပံ့လှူဒါန်းပေးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ ဇွန် ၂၀ ရက် ညနေပိုင်းကလည်း ဘုန်းကန်ရွာနားက စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်ကို မြိုင် ပ.က.ဖ တပ်ရင်း(၁)က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဥ်တွေနဲ့ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024