မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ဇူလိုင် ၄ ရက်နေ့ မနက်ပိုင်း က မြို့မစျေးရှိ ရှမ်းဧကရီ ရွှေဆိုင် ဓားပြအတိုက်ခံရတာကြောင့် ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရှမ်းဧကရီရွှေဆိုင်ကို လူ ၄ ယောက်လောက်ဝင်ပြီး ဓားပြတိုက်သွားတာဗျ။ နှစ်ယောက်ကတော့ သေနတ်အတိုတွေပါတယ်။ လူအင်အားကတော့ ၁၀ ယောက်လောက်ရှိနိုင်ပြီး စျေးဝယ်ဟန်ဆောင်ပြီး အခြေနေစောင့်ကြည့်နေတဲ့ သဘောရှိတယ်” လို့ ပခုက္ကူမြို့ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
အဲဒီရွှေဆိုင်မှာရှိတဲ့ ရွှေတွေအားလုံးနဲ့ ငွေ ၉၅ သိန်းကျပ် ပါသွားတယ်လို့ သိရပြီး ဘယ်အဖွဲ့ရဲ့ လက်ချက်လည်းဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဓားပြတိုက်တဲ့ ဖြစ်စဥ်ဖြစ်ပွားပြီး အတော်ကြာမှ ပခုက္ကူမြို့မရဲစခန်းက ရဲတွေရောက်လာပြီး ဆိုင်ရှင်တွေကို စစ်ဆေးမေးမြန်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
အဲဒီဓာပြတိုက်ခံရတဲ့ ဖြစ်စဥ်ကြောင့် ပခုက္ကူမြို့ စျေးထဲမှာရှိတဲ့ ရွှေဆိုင်တွေအားလုံး အရောင်အဝယ်မလုပ်ဘဲ ပိတ်ထားကြတယ်လို့ သိရပါတယ်။