ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတယောက်သေဆုံးကာ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့တပည့် အမျိုးသားတယောက် ဗုံးထိမှန် သေဆုံးပြီး အမျိုးသမီးတယောက်တော့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
“နေ့လယ် ၂ နာရီလောက်က ပေါက်တာ။ အသံကတော့ အတော်ကျယ်တယ်။ ရပ်ကွက်ရုံးထဲမှာ လူတွေ ရှိနေတုန်းပေါက်တာ။ အုပ်ကြီးတပည့် မင်းသားကြီးဆိုတဲ့ကောင် ဗုံးထိလို့ သေတယ်။ အမျိုးသမီးက တဦးလည်း ဗုံးစထိမှန်ပြီး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရတယ်”လို့ ကျားကွက် သစ်ရပ်ကွက်နေ အမျိုးသားတယောက်က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး အုပ်ချုပ်ရေးမှူးတပည့် သေဆုံးသူ ချစ်ဖူးအောင်(ခ)မင်းသားကြီးနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကို လူနာတင်ကားနဲ့ ခေါ်ဆောင်သွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ရပ်ကွက်အတွင်းစစ်ဆေးနေပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဝိမုတ္တိ-လွတ်မြောက်ခြင်းအဖွဲ့ကတော့ သူတို့အဖွဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဗုံး နှစ်လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။တာမွေမြိုနယ် ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်ဟာလည်း ၂၀၂၁ ဇွန်လပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။