မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ကျေးရွာက နေအိမ်တွေနဲ့ ရေနံတွင်းတွေကို ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ မြိုင်မြို့နယ် ပ.က.ဖနဲ့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် သရက်ကန်ကျေးရွာကို ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ စတင်မီးရှို့နေပြီး ပြည်သူတွေရဲ့အိမ်ခြေ ၂၀ ကျော်လောက်မီးလောင်ကျွမ်းသွားပြီလို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကိုပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေ တူးဖော်ထားတဲ့ ရေနံတွင်းတွေကိုလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးတာကြောင့် ရေနံတွင်း ၁၅ တွင်းလောက် မီးလောင်နေတယ်လို့ ဆိုပါတယ်။
သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာအကူညီပေးထားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
သရက်ကန်ရွာ ဒေသခံတယောက်က “ကျနော်တို့ရွာ စခန်းကုန်းမှာ တပ်စွဲထားတဲ့ စစ်(...)တွေက ဒီနေ့မနက်ပိုင်းမှာ ရွာကို မီးရှို့ဖျက်ဆီးနေကြတာဗျ။ မီးခိုးလုံးတွေမီးတောက်တွေ အဝေးကနေ လှမ်းမြင်နေရတယ်။ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေလို့ အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတဲ့ ကျနော်တို့ရွာက ပြည်သူတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာ။ မီးလည်း ဘယ်သူမှ သွားမငြိမ်းရဲ သလို ရွာနားကိုလည်း မကပ်ရဲကြဘူး။ အိမ်ခြေ ဘယ်လောက် မီးထဲပါသွားတယ်ဆိုတာကိုလည်း အတိကျမသိရသေးဘူး။ ကျနော်တို့ ဒေသခံတွေ ချွေးနှဲစာနဲ့ စုပေါင်းပြီး တူးဖော်ထားတဲ့ ရေနံတွင်းတွေကိုလည်း မီးရှို့ ဖျက်ဆီးလိုက်ကြပြီ။ ရေနံတွင်းကတော့ ၁၅ တွင်းလောက် မီးလောင်ကျွမ်းခဲ့ပြီး ရေနံမှော်ထဲတွေကိုလည်းပတ်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်။ ရေနံတွင်းတတွင်းကို သိန်းရာနဲချီ ရင်းနှီးမြှုပ်နှံကြရပြီး ဆွေမျိုးတွေ၊ မိတ်ဆွေတွေ စုပေါင်း စပ်ပေါင်း တူးဖော်ထားကြတာ” လို့ ပြောပါတယ်။
ဇွန် ၂၅ ရက်နေ့ကလည်း ပေါက်မြို့နယ် သရက်ကန် ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားခဲ့ပြီး ရဟတ်ယာဥ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာရှိတဲ့ ရေနံမှော်တွေနဲ့ ဆီခြံတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် ကျပ်သိန်းပေါင်း သိန်းနဲ့ချီဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် မေ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။