ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းထိလို့ စစ်တွေပြည်သူ့ဆေးရုံကြီးကိုတင်ထားရတဲ့ ဝက်မှိုင်းကျေးရွာသား ဦးသန်းစိန်မောင်(၄၅နှစ်)ဟာ ဇူလိုင် ၂ ရက်မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
မိသားစုဝင် တစ်ဦးက “ နေ့လယ် ၃ နာရီလောက်မှာ ဆုံးသွားတာ။ ညာဘက်ခြေက အခင်းဖြစ်တဲ့ နေရာမှာတင် ပြတ်သွားတာပါ။ ဘယ်ဘက်ခြေကလည်း ပြင်းထန်တဲ့ဒဏ်ရာ ရထားတာကြောင့် ဓာတ်မှန်ရိုက်ပြီး ဖြတ်ဖို့အတွက် ပြင်ဆင်နေတုန်းမှာ ဆုံးသွားတာဖြစ်တယ်။ စိတ်တော့ တော်တော်လည်း မကောင်းဖြစ်ရတယ်" လို့ပြောပါတယ်။
ဦးသန်းစိန်မောင်ဟာ ဇူလိုင် ၁ ရက်က ကျေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ခမရ(၃၇၅)အနီး နွားကျောင်းနေစဉ် တပ်ဧရိယာနားရောက်သွားတဲ့ နွားနောက်ကို လိုက်သွားရာမှာ မြေမြှုပ်မိုင်းနင်းမိပြီး ကျောက်တော်ဆေးရုံးက တဆင့် စစ်တွေ ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်လိုက်တာဖြစ်ပါတယ်။
မေ ၁ ရက်ကနေ ဇူလိုင် ၂ ရက် အတွင်း ရခိုင်ပြည်နယ်က မြို့နယ် ခြောက်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြေမြှုပ်မိုင်းထိပြီး သေဆုံးသူ ငါးယောက် အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ယောက် အထိရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်သူတွေ စိုးရိမ်စိတ်မြင့်တက်နေကြပါတယ်။