Home
မြန်မာသတင်း
ဥကရစ်ထစခန်းသွားမည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်း ကျိုက်ထိုတွင် ကြားဖြတ်တိုက်ခိုက်ခံရ
DVB
·
July 2, 2022
289645586_1916220528708873_6259847505841542676_n

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ ဇူလိုင် ၂ ရက် မနက် ၉ နာရီလောက်က ဥကရစ်ထစခန်းသွားမယ့် စစ်ကောင်စီထောက်ပို့ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ KNLA ပူးပေါင်းအဖွဲ့တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို  မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူပေါင်းအဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ပို့ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် လက်နက်ခဲယမ်းနဲ့ လောင်စာဆီ တင်ဆောင်လာတဲ့ ကား ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ KNLA ပူးပေါင်းအဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။

စစ်ကောင်စီထောက်ပို့ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ နေရာကို မနက် ၁၀ နာရီခွဲ လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အင်္ဂဘိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လကလည်း စစ်ကောင်စီယာဉ်တန်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်၊ ဂူကူး ကျေးရွာနားမှာလည်း ဇူလိုင် ၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024