မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗျည်းဘကျေးရွာကို ဇူလိုင် ၂ ရက်မနက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် အနောက်မြောက်ပိုင်းက ဗျည်းဘ(အရှေ့)ရွာကို ဒီနေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေတာလို့ ဗျည်းဘရွာ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီ စစ်(...)၊ပျူ(...)တွေက ကျနော်တို့ရွာကို မနေ့ကတည်းက စစ်ကြောင်းထိုးပြီးရွာမှာ ညအိပ်စခန်းချတာဗျ။ အခုမနက်ပိုင်းကျတော့ ရွာကို မီးရှို့ ဖျက်ဆီးနေတာကို အဝေးကဘဲ လှမ်းမြင်နေရတယ်။ အိမ်ခြေဘယ်လောက် မီးလောင်သွားပြီလဲဆိုတာ မသိရသေးသလို ရွာကိုသွားပြီးတော့ မီးလည်း မငြှိမ်းသတ်ရဲကြဘူး။”
ဗျည်းဘကျေးရွာဟာ အရှေ့ရွာနဲ့ အနောက်ရွာ နှစ်ရွာပေါင်း လူနေအိမ်ခြေ ၃၀၀ ကျော်လောက်ရှိပြီး စစ်ကောင်စီတပ်စစ်ကြောင်း လာနေပြီလို့ သတင်းကြိုရလို့ ရွာမှာရှိတဲ့ ဒေသခံပြည်သူအားလုံး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။
ရွာသားတွေဟာ အဝတ်တထည်ကိုယ်တခုထွက်ပြေးလာရတဲ့အတွက် စားနပ်ရိက္ခာ လည်းပါမလာကြသလို ရှိတာလေးနဲ့ပဲ ဝေငှစားသောက်ကြရသလို အနီးပတ်ဝန်ကျင်ကျေးရွာ တွေကို အကူညီတောင်းခံပြီး စားသောက်ကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အခုနှစ် မေ ၃၁ ရက်နေ့အထိ ပြည်သူ့ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ အိမ်ခြေပေါင်း ၁၈၈၈၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။