မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေ လျော့ကျလာတာကြောင့် တကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေက ပါးစပ်နဲ့ နှာခေါင်းစည်း Mask တပ်ဆင်တာတွေကို ဖြေလျှော့လိုက်တယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဇွန် ၃၀ ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်မှာတော့ ခုလိုဖြေလျှော့လိုက်တာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာတာ၊ ပြည်သူလူထုက ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ပူးပေါင်းလိုက်နာဆောင်ရွက်မှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားတာပါ။
မဖြစ်မနေ တပ်ဆင်ဖို့ လိုအပ်တဲ့ အခြေအနေတွေအနေနဲ့ အခန်းတွင်း လူတဦးနဲ့တဦး နီးကပ်စွာ ရှိနေတာ၊ အများပြည်သူ အသုံးပြုတဲ့ မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စတဲ့ ယာဉ်တွေနဲ့ ခရီးသွားတာ။ အများပြည်သူ ဝင်ထွက်သွားလာ အသုံးပြုတဲ့ ဆေးရုံ၊ ကျန်းမာရေးဌာန၊ ရုံး၊ ကျောင်း၊ ဈေးဝယ်စင်တာ၊ ဘိုးဘွားရိပ်သာ တွေစတဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ လူအများနဲ့ ရှိနေတာ။ ဖျားနာ၊ ချောင်းဆိုး၊ နှာချေ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်လက်မအီမသာ၊ ကိုက်ခဲ၊ ရုတ်တရက် အနံ့အရသာပျောက်တာ စတဲ့ ကိုဗစ်-၁၉ လက္ခဏာတခုခု ရှိနေချိန်တွေမှာတော့ နှာခေါင်းစည်း Mask ကို တပ်ဆင်ထားရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဩဇာခံကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းလောက်တောင် မရှိတော့ဘဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်က စတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ခွဲနီးပါးကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက် နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ ၂၉ သန်းကျော် ထိုးနှံပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ပြောထားတာပါ။
ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။