တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ရှန်းခရိုင်၊ ထိန်ချုံးမြို့နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ကန်ပိုင်တီ ကုန်သွယ်ဂိတ်ကိုလည်း တရုတ်ဘက်က ဒီဇင်ဘာ ၁၃ ရက် မနေ့မနက် အစောပိုင်းကစပြီး ကိုဗစ်-၁၉ ထိန်းချုပ်မှုတွေ ဖြေလျှော့ပေးလိုက်ကာ ရှန်တိန်စနစ် ထပ်မံဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တဦးက “ဟုတ်တယ်။ အဝင်အထွက်တွေ အကုန်လုံး open ဖြစ်သွားတော့မှာပေါ့နော်။ ပုံမှန်အတိုင်း ကိုဗစ်မဖြစ်ခင်တုန်းကပုံစံ ပြန်ဖြစ်သွားတော့မှာပေါ့နော်” လို့ ပြောပါတယ်။
တရုတ်ဘက် ဗဟိုကနေ ဟောင်ကောင်အပါအဝင် နယ်စပ်ဂိတ်တွေအကုန်လုံးဖွင့်ဖို့ အသိပေး ကြေညာချက် ထုတ်ပြန်စာတွေ တခုပြီးတခု ထွက်လာတယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသခံတဦးက “ထိန်ချုံးဘက်က ဂိတ်၊ ကန်ပိုင်တီလမ်းက ဂိတ်၊ ၁၂ လပိုင်း ၁၃ ရက်နေ့ ၀၀:၀၀ နာရီ၊ ည ၁၂ နာရီကနေ အကုန်လုံးကို ရုပ်သိမ်းလိုက်ပြီ။ ကိုဗစ်စစ်ဆေးတာ၊ ကားကို ကိုဗစ်စစ်တာ၊ ပိုးသတ်ဆေးဖျန်းတာတွေ၊ ပြီးရင် မြန်မာကားတွေကို တရုတ်ဘက် မဝင်ခိုင်းဘဲ အစားထိုး ယာဉ်မောင်းတာတွေ အားလုံး ဖျက်သိမ်းလိုက်ပြီ။ ခုက လုပ်ငန်းရှင်တွေကိုယ်တိုင် ဦးဆောင် လုပ်ကိုင်လို့ရပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်ဘက် လင်ရှန်းခရိုင်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော် နှစ်နိုင်ငံကုန်သွယ်ရာဘက်ကိုလည်း တခြားနယ်စပ်ဂိတ်တွေလိုပဲ ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က စာထုတ်ထားတယ်လို့ သူက ပြောပါတယ်။
“မုန်းဒိန် - ချင်းရွှေဟော်ဘက်လည်း ထိန်ချုံးဘက်ကလိုပဲ ဖျက်သိမ်းလိုက်တယ်။”
ချင်းရွှေဟော်ဘက်မှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီး စစ်ဆေးတာ မရှိတော့ပေမဲ့ ပို့ကုန်၊ သွင်းကုန် ပစ္စည်းတွေကို တင်ပို့တင်သွင်းခွင့်ရမရ စစ်ဆေးတာတွေ ရှိမှာဖြစ်ကြောင်း ထုတ်ပြန်စာမှာပါရှိပြီး ထုတ်ပြန်စာမှာ ဘယ်အချိန်ကစ ရုပ်သိမ်းတာမပါဘဲ ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားကြောင်း ရက်စွဲပဲပါတယ်လို့ ဆိုပါတယ်။
မြန်မာဘက်ခြမ်း တချို့နယ်စပ်ဂိတ်တွေနဲ့ တရုတ်ဘက်ခြမ်း နယ်စပ်ဂိတ်တွေအားလုံးကတော့ နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်တွေနဲ့ ပတ်သက်ပြီး ကိုဗစ် ပိုးစစ်ဆေးတာတွေ၊ ဆေးဖျန်းတာတွေ မရှိတော့တဲ့အပြင် ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) စနစ်တွေ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပေမဲ့ မြန်မာဘက်ခြမ်း မူဆယ် ကျင်စန်းကျော့ဘက်ကတော့ ကိုဗစ်အကြောင်းပြချက်နဲ့ လုပ်ထားတဲ့ ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) စနစ် ဖျက်သိမ်းခြင်း မရှိသေးတာကြောင့် ကုန်ကျစရိတ်တွေ မြင့်မားနေဆဲဖြစ်တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။