ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာက ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေက ဇွန် ၃၀ ရက် ညနေ ၅ နာရီလောက်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတွေက ပြောပါတယ်။
နေအိမ်ကို လာရောက်ဖျက်ဆီးသူတွေဟာ ရဲဝတ်စုံ၊ အရပ်ဝတ် ဝတ်ထားသူတွေအပြင် မိန်းကလေးတွေအပါအဝင် အင်အားသုံးလေးဆယ်လောက်ရှိတယ်လို့ ဆိုပါတယ်။
“သူတို့က ဘာမှပါမလာဘူး၊ အနားကအိမ်တွေကနေ ဓားတွေ လွှတွေ ငှားတယ်။ မငှားပေးလို့ သူတို့ဝင်ရှာလို့ တွေ့ရင် ရွာပါမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်” လို့ ရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကို ဇွန် ၂၉ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ချိပ်ပိတ်ထားခဲ့ပြီး ဇွန် ၃၀ ရက် ညနေမှာ ထပ်မံလာရောက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အိမ်ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့လိုချင်တာတွေကို ယူဆောင်သွားခဲ့ပြီး နေအိမ်တိုင်တွေကိုပါ ဖြတ်တောက်ကာ အတွင်းရှိ ပစ္စည်းတွေကိုလည်း တစစီ ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ ရှရော်ခရွာသားတွေက ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လွတ်မြောက်နယ်တခုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။