Home
မြန်မာသတင်း
ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ့ပိုင်ပစ္စည်းများကို သယ်ဆောင်
DVB
·
July 1, 2022
289316124_1914961375501455_3170356023327499816_n

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာအား အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် မီးမလောင်ဘဲ ကျန်ရှိခဲ့တဲ့ ပြည်သူ့ပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာစခန်းတွေဆီ ပြန်လည်သယ်ဆောင်နေတယ်လို့ KNU တပ်မဟာ (၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထုံးဘိုလေးကျေးရွာအတွင်း မီးမလောင်ဘဲ ကျန်ရှိခဲ့တဲ့ ရွာသားပိုင် ဆိုင်ကယ်တွေ၊ ဝါး၊ သစ်၊ စားဆီ၊ အိုးခွက်ပန်းကန်တွေနဲ့ တခြားပစ္စည်းတွေကို စစ်ကောင်စီ ခမရ အမှတ် ၉ စခန်း၊ အမှတ် ၉ လက်အောက်ခံ ဝီယော်စခန်းနဲ့ ခမရ အမှတ် ၃ စခန်းတို့ဆီ ပြန်လည်သယ်ဆောင်သွားတာပါ။

ထုံးဘိုလေးကျေးရွာကနေ စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတဲ့ ပစ္စည်းတွေထဲမှာ ပြည်သူပိုင်ဆိုင်ကယ်  ၂၁ စီး၊ နေအိမ်ဆောက်လုပ်မယ့်သစ်  ၉၃ တန်ကျော်၊ စပါးတင်းပေါင်း ၃၀၀ ကျော်နဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က အဓမ္မယူဆောင်သွားတဲ့ သစ်နဲ့ဝါးတွေဟာ ထုံးဘိုလေး ရွာသားတွေ နေအိမ်ဆောက်လုပ်ဖို့ စုဆောင်းထားတဲ့ ပစ္စည်းတွေဖြစ်ပြီး ကျေးရွာအတွင်း ကျန်ရှိနေသေးတဲ့ ပစ္စည်းတွေကိုလည်း ဇွန် ၂၉ ရက်နေ့မှာ ကား ၄ စီးနဲ့ လာသယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ စစ်ကောင်စီတပ်ဟာ ထုံးဘိုလေးနဲ့ ထုံးဘိုကြီး ကျေးရွာမှာ ဝင်ရောက်တပ်စွဲပြီး ထင်တိုင်းကျဲ‌နေတာလို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက် အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။

လတ်တလောမှာ စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024