မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ဒီဗွီဘီကို ပြောပါတယ်။
ရေစကြိုမြို့အဝင် မြို့မရဲစခန်းနဲ့ ဒန်ကိုဆီဆိုင်နားမှာ ဇန်နဝါရီ ၂၈ ရက် မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၇ ယောက်လောက် လိုက်ပါလာတဲ့ ကားတစီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
“အဲဒီတိုက်ခိုက်မှုကို ရေစကြို-PDF တပ်ရင်း ၁၊ N-YSO ပြောက်ကျားတပ်၊ MRGF (မြိုင်) နဲ့ သံမဏိသိန်းငှက် (မြိုင်) တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။” လို့ ဗိုလ်မှိုင်းတေဇက ပြောပါတယ်။
ရေစကြိုမြို့နယ် ဘီးစပ်ကုန်းရွာနားမှာလည်း စစ်ကောင်စီစစ်ကြောင်းကို ဇွန် ၁၉ ရက်က ရေစကြို-PDF နဲ့ KNT ပြောက်ကျားတပ်ဖွဲ့တို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။