မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းကို တူမီးသေနတ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ အနောက်ရိုးမကျား SGF ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
“စေတုတ္တရာမြို့နယ် ကျောက်ဖူးနဲ့သက်လည်ရွာကြားမှာ ဇွန် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်လောက်က စစ်(...) ၆ ယောက်လောက်ပါတဲ့ ကင်းစစ်ကြောင်းကို အနောက်ရိုးမကျား ပြောက်ကျားတပ်ဖွဲ့က တူမီးသေနတ်တွေနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့လို့ စစ်(...) ၂ ယောက် သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိတယ်” လို့ အနောက်ရိုးမကျား ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်ဇံကြီးက ဒီဗွီဘီကို ပြောပါတယ်။
သတင်းအရ အသေချာစောင့်ပြီး တူမီးသေနတ် ၃ လက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ကူတွေလာမှာစိုးလို့ ရဲဘော်တွေ အထိအခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အနောက်ရိုးမကျား ပြောက်ကျားတပ်ဖွဲ့မှာ တူမီးသေနတ်တွေပဲရှိကြောင်း၊ မောင်ပြန်လက်နက်တွေရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ကူညီပေးကြဖို့လည်း တောင်ဆိုလိုက်ပါတယ်။
စစ်ကောင်စီဘက်က အထိနာသွားလို့ စေတုတ္တရာမြို့နားက ဂိတ်မှာ တပ်စွဲထားတဲ့ အဖွဲ့က ညနေ ၆ နာရီလောက်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း အနောက်ရိုးမကျားပြောက်ကျားတပ်ဖွဲ့က တူးမီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပွန်စခန်းမှူးနဲ့ ရဲတပ်သားတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ ထိခိုက်ကျဆုံးအခြေနေကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။