ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ကို စစ်ကောင်စီတပ်တွေက ခြိမ်းခြောက်မောင်းထုတ်ခဲ့တဲ့အတွက် တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့ဆီက သိရပါတယ်။
ဒေသခံပြည်သူတွေဟာ လက်ရှိ မိုးကာလအတွင်း အိုးအိမ်စွန်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စားဝတ်နေရေး၊ ကျန်းမာရေးအပြင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် နေရာထိုင်ခင်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒေသခံကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတစ်ဦးက” ကျောက်ကြီးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၄၀ ကျော် အိုးပစ်အိမ်ပစ်ဖြစ်နေတယ်။ တောထဲတောင်ထဲမှာ အခုလက်ရှိဆိုရင် လူဦးရေ ထောင်ကျော်သွားပြီ။ လက်ရှိအခြအနေမှာ ကျန်းမာရေးစသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်။ သက်ကြီးရွယ်အိုတွေက နေရာထိုင်ခင်း အဆင်မပြေမှုတွေဖြစ်တယ်။ တချို့ သူနည်းသူဟန်နဲ့ တောထဲပုန်းနေရတာတွေရှိတယ်”လို့ဆိုပါတယ်။
ကေအန်ယူတပ်ဖွဲ့ဝင်တွေ ဝင်ထွက်သွားလာနေတာကို ကျေးရွာက အသိမပေးတဲ့အပြင် ကျေးရွာကလက်ခံထားပြီး ဆက်သွယ်နေတယ်ဆိုပြီး ဇွန် ၂၃ ရက် ညနေက စစ်ကောင်စီရဲ့ ခမရ-၂၀၊ ခမရ-၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ ပူးပေါင်းတပ်တွေကို ခမရ-၂၀ တပ်ရင်းမှူးက ဦးဆောင်ပြီး ဒေသခံကျေးရွာတွေကို မတရားခြိမ်းခြောက်ပြီး မောင်းထုတ်ခဲ့တာပါ။
ဒလဆိပ်ကျေးရွာအုပ်စု၊ ဟင်္သာဝဲကျေးရွာအုပ်စုနဲ့ ထိုးဝါးစိုက်ကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၈ ရွာရှိ အိမ်ခြေစု စုပေါင်း ၁၅၅၁ အိမ်၊ လူဦးရေစုစုပေါင်း ၈၂၃၀ ဦးအပါအဝင် ကျေးရွာ ၁၂၀ က ဒေသခံပြည်သူတွေဟာ လုံခြုံမှုမရှိတာနဲ့ အကြမ်းဖက်ခံရမှာကိုစိုးရိမ်ပြီး တော၊ တောင်တွေထဲ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့တပ်တွေဟာ အများပြည်သူသွားလာနေတဲ့ လမ်းပေါ်မှာဂိတ်တွေချပြီး သွားလာနေသူတွေကို စစ်ဆေးမေးမြန်းတာတွေ၊ တားဆီးနှောက်ယှက်မှုတွေ ရင်ဆိုင်နေရတဲ့အပြင် ရည်ရွယ်ချက်ရှိရှိ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကေအန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းမှာ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး လူအခွင့်အရေးဆိုင်ရာတွေကို ကြည့်ရှုစောင့်ရှောက်ကူညီပေးနေတဲ့ ဒေသခံကရင်လူမှုရေးရာအဖွဲ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ဇွန် ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။
ဇွန် ၁၉ ရက် နေ့လယ် ၂ နာရီလောက်က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်၊ မမယမ်းကျေးရွာ၊ ကျားသေတော(အင်းဝိုင်းကြီး)စားကျက်မြေအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။