စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ဒေသခံ ၁ သောင်းဝန်းကျင် ဘေးလွတ်ရာတောတောင်ဒေသတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တင်သားကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်သားတွေက ကြံသာကျေးရွာဘက်ကနေ ထိုးစစ်ဆင်လာတာကြောင့် ဇွန် ၂၇ ရက်မနက်ပိုင်းမှာ ဒေသခံတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တင်သားရွာကဒေသခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
"စစ်သားတွေရွာတောင်ပိုင်းကနေဝင်လာပြီဆိုလို့ ပြေးကြရတာ။ သူတို့ကလာရင် ဘာလုပ် မယ်မှန်းမသိ ကြောက်လို့ ပြေးရတာ။ ရွာကိုဝင်လိုက်မီးရှို့လိုက်၊ လိုချင်တဲ့ပစ္စည်းတွေ ယူသွားလိုက်နဲ့ နေထိုင်ရတာ လုံခြုံမှုကိုမရှိတော့ဘူး။ တချို့တွေဆို ရွာမှာကိုမနေကြတော့ဘူး။ တောထဲတွေမှာ တဲထိုးပြီးနေကြတော့တာ။"
တင်သားကျေးရွာနေ အမျိုးသမီးတဦးက “အခုကရွာမှာ စာသင်ကျောင်းဖွင့်ဖို့လာတယ်လို့ ပြောကြတယ်။ ကျေးရွာက ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ အင်အား ၂၀၀ လောက်ရောက်နေတယ်ပြောတယ်။ အခုထိတော့ ရွာထဲမှာ ဝင်ရောက်မွှေနှောက်မီးရှို့တာတော့ မရှိသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကလည်း တင်သားကျေးရွာ အုပ်စုဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းထိုးခံရတဲ့ တင်သားကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက အထက မှန်တောကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းနိုင်အပါအဝင် ဒေသခံ ၃၀ ဝန်းကျင်လောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကျေးရွာနေအိမ် ၃၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပါသေးတယ်။
တင်သားကျေးရွာမှာ အိမ်ခြေ ၂၅၀၀ ကျော်ရှိပြီး ဒေသခံ ၁ သောင်းဝန်းကျင် နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။