မြန်မာ့နွေဦးတော်လှန်ရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါက်တာ တေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံက ဘတ်ခ်ဂျုံချောလ် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။
၁၈ ကြိမ်မြောက်အနေနဲ့ ကျင်းပမယ့် ဒီဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ လာမယ့်ဇွန် ၂၉ ရက်နေ့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ်လို့ ဆုရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဒေါက်တာတေဇာဆန်းဟာ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီးနောက် စာကြည့်တိုက်မှူးနဲ့ NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်မှာတော့ ချို့တဲ့သူတွေအတွက် အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု ထောက်ပံ့ပေးတဲ့ Beautiful Mind Foundation ကို တည်ထောင်ခဲ့ပြီး မန္တလေး ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းခံရမှု ဖြစ်ပွားပြီး ရက်မကြာမီမှာပဲ အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး မန္တလေးမြို့က စတင်တဲ့ အဆိုပါ ပထမဆုံး ဆန္ဒပြမှုပြီး နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီကတော့ ဒေါက်တာတေဇာဆန်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် တရားစွဲဆိုထားပေမယ့် သူကတော့ လက်ရှိအချိန်ထိ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဆက်လက်ပြီး လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
ဘတ်ခ်ဂျုံချောလ် လူ့အခွင့်အရေးဆုကတော့ ၁၉၈၇ ခုနှစ် ၂၁ နှစ်အရွယ်မှာ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားမှုတွေမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်ကျောင်းသား ဘတ်ခ်ဂျုံချောလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစတင်ကာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးမြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် တုန်းကတော့ ဒီမိုက ရေစီအရေးအတွက် အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေကြရတဲ့ မြန်မာပြည်သူတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။