ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဟာ ဇွန် ၂၅ ရက် ညပိုင်းမှာ ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေဟာ နေအိမ်မှာရှိနေစဉ် အမည်မသိသေနတ်သမား နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ည ၈ နာရီလောက်က အိမ်မှာရှိနေတုန်း ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ခေါင်းကို သုံးချက်မှန်ပြီး ပွဲချင်းပြီး သေတယ်။ ဦးသန်းဖေက အရင်တုန်းက ဟောင်ပါးမှာ အုပ်ချုပ်ရေးမှူး လုပ်ခဲ့သေးတယ်။ ဘာကြောင့်ပစ်လဲ မသိဘူးဗျ” လို့ ဟောင်ပါးဒေသခံတဦး ပြောပါတယ်။
အသက် ၆၀ ကျော်အရွယ်ရှိတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေဟာ ရှမ်းနီရှေးဟောင်းစာပေလိုက်စားသူတဦးဖြစ်ပြီး ရှမ်းနီစာပေနဲ့ရိုးရာယဉ်ကျေးမှုကော်မတီ နာယက လည်း ဖြစ်ပါတယ်။
အခုအခါ ဟောင်ပါးကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးပြုလုပ်မယ့်သူ ကင်းမဲ့နေပြီး စစ်ကောင်စီက အာဏာသိမ်းအပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီသတင်းပေးလို့ ရပ်ရွာက သတ်မှတ်ထားသူတွေ သေနတ်နဲ့ပစ်သတ်ခံရတာတွေရှိပါတယ်။
ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ကလည်း မတ်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော်အပါအဝင် အမျိုးသားလေးဦးကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။