မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန် ၂၄ ရက် ညက ဒေသခံပြည်သူ နှစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်တောင်ပိုင်း ရွှေကျောင်းကျေးရွာက ဦးဗိုလ်ထွန်းနဲ့ ဦးလှိုင်ဖုန်းတို့ကို ဇွန်လ ၂၄ ရက်နေ့ ည ၁၂ နာရီလောက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့ အင်အား ၂၀ လောက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ရွှေကျောင်းကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူတို့နှစ်ယောက်က ရွာမှာအေးအေးဆေးဆေးဘဲနေကြတာပါဗျ။ ဒလန်တွေရဲ့ မဟုတ်မမှန် သတင်းပေးမှုကြောင့် ဘာအပြစ်မရှိဘဲ စစ်(..)တွေရဲ့မတရားဖမ်းဆီးခံရတာပါ။ သူတို့နှစ်ယောက်ကို ရေစကြိုမြို့မ ရဲစခန်းစစ်ကြောရေးကို ခေါ်သွားကြပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူး။”
ရေစကြိုမြို့ လမ်းဆုံလမ်းခွတွေနဲ့ မြို့ဝင်၊မြို့ထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ အပေါင်းပါတွေက နေ့စဥ်ရက်ဆက် စစ်ဆေးနေပြီး အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
မကွေးတိုင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ယနေ့အထိ အပြစ်မဲ့ ပြည်သူ အယောက် ၄၀၀ ကျော်လောက်ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပြီးခဲတဲ့ မေလအတွင်းမှာ ပြည်သူ ၁၀၀ ကျော်လောက်ဖမ်းဆီးခံခဲ့ရပါတယ်။