နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် ၇၇ နှစ်ပြည့်မွေးနေ့အတွက် ဆုတောင်းစကားကို အွန်လိုင်းပေါ်တင်မိတဲ့အတွက် ပုသိမ်မြို့အခြေစိုက် ရေကြောင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီး သန့်ဇင်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ရေကြောင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီး သန့်ဇင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မနက်အစောပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်ကနေ “Happy Birthday ပါ သက်ရှည်ကျန်းမာပါစေ” လို့ တင်ပြီး မိနစ်ပိုင်းအတွင်း ပြန်ဖြုတ်ချခဲ့ပေမယ့် အွန်လိုင်းပေါ်မှာ စစ်အုပ်စုက သူ့ကိုဖမ်းဆီးဖို့ လှုံဆော်ပြီးနောက်ပိုင်း ဇွန်လ ၂၀ ရက်က ဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသခံ ရဲတပ်ဖွဲ့ဝင်တဦးက “တပ်ကြပ်ကြီးကို နောက်တနေ့ပဲလာဖမ်းသွားတာ တောင်ပေါ် (စစ်ဌာနချုပ်) ကိုဖမ်းသွားတယ်ထင်တယ်။ အဆက်သွယ်မရသေးဘူး သူ့မိသားစုကိုလည်း လိုင်းခန်းကနေ ဖယ်ပေးဖို့ပြောထားတယ်”လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ကို ဆုတောင်းစကားပြောမိလို့ ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးဟာ ရေတပ်မှာတာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်ထဲက ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
တပ်ကြပ်ကြီးကို နယ်ဘက်ဥပဒေတစ်ခုခုနဲ့ တရားစွဲထားတဲ့ပုံစံ မိသားစုဝင်တွေကို ပြုမှုဆက်ဆံလာတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။