ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကို ထွက်ခွာသွားဖို့ စစ်ကောင်စီတပ်တွေက ဇွန် ၂၃ ရက် ညနေ ၆ နာရီလောက်က ခြိမ်းခြောက်ပြီး မောင်းထုတ်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကျေးရွာတွင်းကို ကေအန်ယူတပ်ဖွဲ့ဝင်တွေ ဝင်ထွက်သွားလာနေတာကို ကျေးရွာက အသိမပေးတဲ့အပြင် လက်ခံထားပြီး ဆက်သွယ်နေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ခမရ-၂၀၊ ခမရ-၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ ပူးပေါင်းတပ်တွေကို ခမရ-၂၀ တပ်ရင်းမှူးက ဦးဆောင်ပြီး ဒေသခံကျေးရွာတွေကို မတရားခြိမ်းခြောက်ပြီး မောင်းထုတ်ခဲ့တာပါ။
မောင်းထုတ်ခံရတဲ့ကျေးရွာအုပ်စု ၃ စုကတော့ ဒလဆိပ်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၃ ရွာ၊ ဟင်္သာဝဲကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၄ ရွာနဲ့ ထိုးဝါးစိုက်ကျေးရွာအုပ်စုတွေဖြစ်ပြီး ကျေးရွာပေါင်း ၈ ရွာအတွင်း အိမ်ခြေစုစုပေါင်း ၁၅၅၁ အိမ်၊ လူဦးရေစုစုပေါင်း ၈၂၃၀ နေထိုင်နေတာဖြစ်ပါတယ်။
ဒေသခံပြည်သူလူထုတွေဟာ ကျေးရွာတွေအတွင်းက မထွက်ခွာလိုကြပေမယ့် စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖယ်ရှားမှာကို စိုးရိမ်ကြရတဲ့အပြင် လက်ရှိ မိုးရာသီကာလအတွင်း အတင်းအဓမ္မ ပြောင်းရွေ့ဖယ်ရှားခိုင်းပါက နေထိုင်စားသောက်ရေး၊ လုပ်ကိုင်နဲ့ သွားလာရေးအတွက် အခက်အခဲများစွာရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန် ၁၉ ရက်က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်၊ မမယမ်းကျေးရွာ၊ ကျားသေတော(အင်းဝိုင်းကြီး)စားကျက်မြေအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။