ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ဖူးကက်မြို့ရှိ မြန်မာအလုပ်သမား ၁ ဦး လုပ်ငန်းခွင်အခွင့်အရေး ချိုးဖောက်ခံရတာကြောင့် တရားရင်ဆိုင်ရာမှာ လျော်ကြေးငွေ ဘတ် ၁၂၀,၀၀၀ ကျော် ပြန်ရခဲ့ပါတယ်။
ဖူးကက်မြို့ ဟက်ပီးဟောလီးဒေးဟိုတယ်မှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တင်ကိုဦး ဆိုသူမှာ လွန်ခဲ့တဲ့ ၂ နှစ် ကိုဗစ်-၁၉ ပြန့်ပွားချိန်ကစ သူတို့ဟိုတယ်လုပ်ငန်း အဆင်မပြေဖြစ်လို့ လုပ်အားခ တဝက်လျှော့ခံခဲ့ရပြီး မနှစ် အောက်တိုဘာလက ဟိုတယ်လုပ်ငန်း ရပ်စဲလိုက်တာနဲ့ လုပ်အားခ လုံးဝမရခဲ့ကြောင်း၊ ဒါကြောင့် ထိုက်သင့်တဲ့လုပ်အားခတွေ ပြန်ရဖို့ ဖူးကက်ခရိုင် အလုပ်သမားတရားရုံးကို ဦးတိုက်လျှောက်ထား တိုင်ကြားပေးခဲ့တာလို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း- ဖူးကက်ရုံးခွဲ (Human Rights and Development Foundation-HRDF) ရဲ့ တရားရေးဌာနရှေ့နေ ခွန်ထာနိဒါးပီယချုတ်က ဒီဗွီဘီကို ပြောပါတယ်။
“သူ့ရဲ့ကေ့စ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေတဲ့ အချိန်ကတည်းကပါ။ အစပိုင်းက အလုပ်ပုံမှန်ဆင်းပေမဲ့ လုပ်အားခ တဝက်လျှော့ခံခဲ့ရတယ်။ မနှစ်က သူတို့ဟိုတယ်လုပ်ငန်း ပိတ်သိမ်းလိုက်တော့ အလုပ်ဖြုတ်ခံရတယ်။ အဲဒီနစ်နာမှုတွေ အားလုံးကို တွက်ချက်ပြီး အလုပ်ရှင်အနေနဲ့ သူ့ကို စုစုပေါင်း ဘတ် ၁၅၂,၂၄၀ ပေးလျော်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလ ၇ ရက်နေ့က အလုပ်ရှင်က လာရောက်ညှိနှိုင်းတဲ့အခါမှာ နောက်ဆုံး ဘတ် ၁၂၀,၀၀၀ နဲ့ ပြေလည်သွားကြတယ်။”
အလုပ်ရှင်က တရားရုံးကို ငွေလာရောက်ပေးချေရာမှာ နောက်ကျတဲ့အတွက် နောက်ကျကြေး နောက်ထပ် ဘတ် ၁,၅၀၀ ဆောင်းပြီး စုစုပေါင်း ဘတ် ၁၂၁,၅၀၀ ကို ဇွန် ၁၅ ရက်နေ့က ကာယကံရှင် အလုပ်သမား တင်ကိုဦးလက်ထဲကို အပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖူးကက်ခရိုင်ထဲက တရားဝင်မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၅၃,၀၀၀ ကျော်ရှိပြီး မြန်မာရွှေ့ပြောင်းလုပ်သားက အများဆုံးလို့ ဆိုပါတယ်။
ဒီလို မတရားအလုပ်ဖြုတ်ခံရတဲ့ ကေ့စ်အပြင် အခြား လုပ်အားခအပြည့်မရတာ၊ လုပ်ငန်းခွင် အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ HRDF ရှေ့နေက ပြောသွားပါတယ်။