ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဇွန် ၂၂ ရက် နေ့လယ်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြန်လာတဲ့ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရအပြီး အမည်မသိ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း ရပ်ကွက်ရုံးက ပြန်လာစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့အပြီး အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ် ရောက်လာကာ လူငယ်နှစ်ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးက “အုပ်ချုပ်ရေးမှူးကရုံးကအပြန် စစ်ကိုင်းလမ်းနဲ့ စလင်းလမ်းကြားမှာ ပစ်သွားတာ၊ ချက်ကောင်းမထိတော့ မသေဘူး။ ပစ်ခတ်မှုဖြစ်ပြီး စစ်ကားတွေရောက်လာတယ်။ အဲဒီနေရာကနေ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ လူငယ်နှစ်ဦးကို သေနတ်ဒင်နဲ့ရိုက်နှက်ပြီး ဖမ်းသွားတယ်။ ဘယ်ကလူငယ်လေးတွေလဲတော့ မသိဘူး” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်စစ်ဆေးပြီး ခေါ်ဆောင်သွားတဲ့အတွက် ဒဏ်ရာအခြေအနေကို မသိရဘူးလို့လည်း ပြောပါတယ်။
အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ် ဆိုတာကိုလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လှိုင်သာယာမြို့နယ်က အမှတ် ၂၀ ရပ်ကွက် ရာအိမ်မှူး ဝင်းဇော်ဟာ ဇွန် ၉ ရက်က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။