မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇွန် ၂၀ ရက်ညက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ (SPGF) က ပြောပါတယ်။
SPGF ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက “စစ်ကောင်စီရဲ့ လက်ပါးစေ ပျူ(...)တွေဟာ ဇွန်လ ၂၀ ရက်နေ့ ည ၁၂ နာရီလောက်မှာ ဆိုင်ကယ်အစီး ၄၀ လောက်နဲ့ ညကြီးအချိန်မတော် ပြည်သူတွေကို ဒုက္ခပေးဖို့လာတာကြောင့် SPGF တပ်ခွဲ ၁ နတ်မျက်လုံးစစ်ဆင်ရေးအဖွဲ့က အရိပ်မဲ့မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး ခါးချိုးသေနတ်တွေ၊ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပျူစောထီးတွေဘက်က အထိအခိုက် အကျအဆုံးများပြားလို့ အလောင်းတွေ၊ ဒဏ်ရာရသူတွေကို လာသယ်တဲ့ ပေါက်မြို့က ပျူစောထီးကားကိုလည်း အရိပ်မဲ့မိုင်းခွဲပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်အုပ်စုတွေကို အချိန်မရွေး နေရာမရွေး တိုက်ခိုက်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ သူတို့နဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့ သတိပေးထားပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းကို ဇွန် ၁၆ ရက်ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ စစ်ရှောင်တဲတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ပြည်သူ့ပညာရေးအစီအစဥ်နဲ့ သင်ကြားပေးနေတဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။