မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ငှက်ပျောတောကျေးရွာမှာ ဇွန် ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်က ကား ငါးစီးနဲ့ ကျေးရွာအတွင်း ဝင်လာပြီး ပြည်သူ့နေအိမ် နှစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး PDF ရဲဘော် သုံးယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက "ဒလန် သတင်းပေးလို့ပေါ့။ သူတို့ရွာထဲမှာရှိနေတဲ့အချိန် ဝင်စီးခံလိုက်ရတာ သုံးယောက်ကတော့ ဖမ်းမိသွားပြီး သတ်ခံလိုက်ရတယ်လို့ကြားတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေက ပိတ်မိနေပေမဲ့ အချိန်မီကယ်ထုတ်ခဲ့နိုင်ပြီး အခုအချိန် လွတ်မြောက်နယ်မြေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO တွေဆီမှာ ရောက်ရှိနေပြီ” လို့ ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော် သုံးယောက်ကို ပျူစောထီးတွေနဲ့ စစ်ကောင်စီ တပ်သားတွေက ပဲရင်းတောင်ကျေးရွာ သင်္ချိုင်းမှာ မြှပ်နှံခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါ ရဲဘော်သုံးယောက်က တယောက်ဖြစ်တဲ့ ရဲဘော် ကိုလှစိုးက " အန္တရာယ်တွေကြားထဲမှာ ပြည်သူတွေကို မထားခဲ့ချင်ဘူး။ ကျနော်တို့မှ ပြည်သူကိုမကာကွယ်ပဲ ရွာကိုစွန့်ခွာသွားရင် ပြည်သူတွေ ပိုအနိုင်ကျင့်ခံရလိမ့်မယ်။ ဒါ့ကြောင့် ပြည်သူတွေကိုရတဲ့နည်းနဲ့ ကာကွယ်ပေးပြီး စစ်ကောင်စီကို တိုက်ထုတ်သွားမယ်”လို့ မကျဆုံး နှစ်ရက်လောက်က ပြောခဲ့ပါသေးတယ်။
စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် တလုံးကတော့ ငှက်ပျောတောကျေးရွာရှိ NLD ပါတီဝင် ဦးထိန်လင်း အိမ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရွာငံမြို့နယ် လွှစင်ရွာရှိ ကိုဖိုးအေး နေအိမ်ကိုလည်း PDF တွေ နဲ့ ဆက်စပ်မှုရှိတယ် အထင်နဲ့ ဇွန် ၂၀ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး ကိုဖိုးအေး တို့မိသားစုကတော့ ကြိုတင်တိမ်းရှောင် နိုင်ခဲ့လို့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဇွန် ၁၈ ရက် မနက် ၅ နာရီခွဲလောက်က သာစည်မြို့နယ် ငှက်ပျောတောကျေးရွာအုပ်စုမှ ဦးအောင်ခိုင်ရဲ့ အိမ်ကို ပျူစောထီးခေါင်းဆောင်ရဲ့ လမ်းပြမှုနဲ့ စစ်ကောင်စီ ကား ၇ စီးနဲ့ ဝင်ရောက်လာပြီး နေအိမ်အတွင်းမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ ဆိုင်ကယ်တွေ ၊ ဆန်စပါးတွေကို ယူဆောင်ကာ အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။