စစ်ကိုင်းတိုင်း ကလေးမြို့နယ် ထိုမာကျေးရွာမှာ တပ်စွဲပြီးထွက်လာတဲ့ စစ်ကောင်စီစစ်တပ်ကို ဇွန် ၂၁ ရက် မနက်ပိုင်းမှာ ထိုမာရွာအရှေ့ပိုင်းမှာ ကလေး PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် နှစ်ဖက်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၇ ဦးထက်မနည်းကျဆုံးပြီး ကလေး PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကလေး PDF တပ်ဖွဲ့ဝင်က “စစ်သားတွေက မနေ့က မနက်ပိုင်းမှာ ရွာကိုရောက်တာ။ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်။ ရွာထဲမှာ မမနေရတဲ့သူတွေက ထွက်ပြေးကြတယ်။ လူမရှိတဲ့အိမ်က ပစ္စည်းတွေကိုခိုးယူတယ်။ ရွာထဲမှာညအိပ်ပြီး ဒီမနက်မှာ ရွာကနေထွက်ခွာသွားကြတာ။ သူတို့ရွာကထွက်ပြီးရင် သိပ်မကြာခင် ရွာအရှေ့ပိုင်းမှာ တိုက်ပွဲဖြစ်သံတွေ ကြားရတော့တာ။ စစ်သားတွေကျတယ်လို့ ကြားတယ်။ ဒါမဲ့ အလောင်းလာကောက်တာတော့ မရှိသေးဘူး” လို့ ထိုမာရွာနေ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးရာလမ်းကြောင်း တလျှောက် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ကလေးမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာ ၄ လဝန်းကျင်ရှိနေပြီဖြစ်ပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေတာကြောင့် ပြည်သူတွေ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမပြုကြဖို့၊ စစ်ကောင်စီတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း မပြုကြဖို့၊ ဘေးလွတ်ရာဒေသတွေမှာ ဂရုစိုက်နေထိုင်ကြဖို့ ကလေး PDF က အသိပေးထုတ်ပြန်ထားပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။