Home
မြန်မာသတင်း
မောင်တောတွင် ပြန်ပေးဆွဲခံ ပညာရေးဝန်ထမ်း ၂ ဦး အသက်ရှင်လျက်ရှိ၊ ပြန်လွှတ်ပေးရန် တာကာငွေ သိန်း ၃၀ ဖြင့် ညှိနှိုင်း
DVB
·
June 21, 2022
289678397_766945480994514_1422933594492032456_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့  ပညာရေးဝန်ထမ်း နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ  သိန်း ၃၀ နဲ့  ညှိနှိုင်းပြေလည်သွားကာ  မကြာမီ လွတ်မြောက်လာဖွယ်ရှိတယ်လို့ သူတို့အရေးလိုက်ပါဆောက်ရွက်ပေးနေသူတွေထံက သိရပါတယ်။

ဇွန် ၁၆ ရက်က သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမ ဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့ အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေ‌က ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတထောင်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးဆီ ဆက်သွယ်တောင်းဆိုထားတာပါ။

ဆရာကြီးနဲ့ ဆရာမ လွတ်မြောက်ဖို့အရေး လိုက်ပါဆောက်ရွက်ပေးနေသူတစ်ဦးက "သူတို့က တာကာသိန်း ၅၀ တောင်းပေမဲ့ ညှိနှိုင်းကြတဲ့အခါ သိန်း ၃၀ နဲ့ သဘောတူညီမူရထားတယ်။ မကြာမီလွတ်မြောက်လာလိမ့်မယ်။ ပထမက သူတို့ ငွေလွဲခိုင်းတဲ့ ဘင်္ဂလားဒေ့ရှ်ဘဏ်ကနေ ငွေထုတ်ရာမှာ သူတို့အတွက်အန္တရာယ်ရှိတာကြောင့် မလေးရှားဘဏ်တစ်ခုကို လွှဲပေးဖို့ သူတို့ပြောလာတာရှိတယ်။ ဖမ်းထားသူ နှစ်ယောက် အသက်ရှင်လျက်ရှိကြောင်း ၃ မိနှစ်စာ ဗီဒီယိုပို့လာတယ်။"လို့ ပြောပါတယ်။

ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမ ဒေါ်ဥမ္မာကျော်တို့ ဖမ်းဆီးခံထားရတာ ဒီနေ့ ဇွန်လ ၂၁ ရက်ဆိုရင်   ၅ ရက်မြောက်ရှိပြီဖြစ်ပြီး သူတို့နှစ်ယောက်ကို ပြန်ပေးဆွဲသမားတွေက ဘယ်နေရာမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာကိုတော့  မသိရသေးပါဘူး။

မောင်တောမြောက်ပိုင်းနေ ဒေသခံတစ်ဦးက "သူတို့ နှစ်ဦးက နှစ်နိုင်ငံနယ်စပ်မျဥ်းကို ရောက်သွားပြီလိုယူဆရတယ်။ ငွေကြေးကိစ္စပြေလည်သွားလို့ လွှတ်ပေးရင် တောင်အဲဒီ Zero line ကနေပဲ ပြန်လွှတ်ပေးနိုင်တယ်။ ဘာအတွက်လည်းဆိုတော့ ပြန်ပေးသမားတွေအတွက် လုံခြုံတဲ့နေရာမှာမှ  သူတို့လွှတ်ပေးမှာပေါ့။"လို့  သုံးသပ်ပြောဆိုပါတယ်။

အမည်မဖော်လိုတဲ့ နယ်ခြားစောင့်ရဲ့အရာရှိတစ်ဦးပြောကြားချက်အရ ဇွန်လ ၂၀ ရက်မှာ  လူ ၂၀ လောက်က နှစ်နိုင်ငံနယ်စပ် Zero line ကို ဖြတ်ကျော်သွားတဲ့သတင်းအခိုင်အမာရရှိတယ်လို့ ပြောပါတယ်။

မောင်တောဒေသမှာ တရားဥပဒေစိုးမိုးမှုနဲ့ နယ်မြေလုံခြုံမှုမရှိတာကြောင့် အခုလို ပြန်ပေးဆွဲ ငွေတောင်းခံမှုတွေ နောက်ထပ်ဖြစ်လာမှာကို  ဒေသခံ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပြည်သူတွေအကြား စိုးရိမ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024