Home
မြန်မာသတင်း
ကောင်းဆင့်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့၊ ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
June 21, 2022
289051557_397403245686920_2805137577522494083_n
288891495_441979441105614_3668101905263380633_n
288669175_1477539062684810_898707449641539457_n
288207124_440071134249264_5192342200351132928_n
287890048_5523769707687858_6378677261554972451_n
287316722_340763878211838_626949825616161871_n
287133702_1887747771559091_3648384072765829170_n
287060255_1080301219247709_4853483530327372647_n

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာကို ဇွန် ၂၀ ရက်နေ့ မနက် ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၆ လုံး ဆုံးရှုံးခဲ့ပြီး ဒေသခံ ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဆိုပါ ကျေးရွာမှာ စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် တပ်စွဲပြီး ကျေးရွာအတွင်းရှိ တိရစ္ဆာန်အချို့ သတ်ဖြတ်စားသောက်သွားသလို မီးရှို့မခံရတဲ့ နေအိမ်အချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မီးငြိမ်းသတ်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မီးငြိမ်းသတ်ရာကနေ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကောင်းဆင့်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးတင်းမာနေပြီး မွန်းတည့် ၁၂ နာရီကျော်လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်ပင်ကြီး-ယင်းမာပင်သွားကားလမ်းတလျှောက်မှာ ကင်းပုန်းချထားပြီး ရမ်းသန်းပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးသလို ကောင်းဆင့်ကျေးရွာရဲ့အရှေ့ဘက် မုံရွာ-ယင်းမာပင် ကားလမ်းတောင်ဘက်တနေရာမှာလည်း ပုပ်ပွ ရုပ်ပျက်နေတဲ့ အမျိုးသားရုပ်အလောင်းတလောင်း တွေ့ရှိခဲ့ရပြီး ဘယ်သူဘယ်ဝါဆိုတာ လက်ရှိချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက  လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမြောက်ဘက်မှစတင်ကာ ချင်းတွင်းတံတားအထိ ကင်းပုန်းတွေရှိနေပြီး နေရာအချို့မှာလည်း သံချပ်ကာကားတွေ ရပ်နားထားတယ်လို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲနဲ့ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေတာကြောင့် ယင်းမာပင်မြို့နယ် နှောရိုးရွာ၊ ကောင်းဆင့်ရွာ၊ တယ်ပင်ကန်ရွာ၊ ရွာသာယာရွာ၊ ဆားလင်းကြီးမြို့နယ် ဝါးတန်းရွာ ၊ ဖောင်းကားရွာ စသည့်ကျေးရွာတွေက ဒေသခံတထောင်ကျော် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဇွန် ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ လေးရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ယင်းမာပင်မြို့နယ် အနောက်မြောက်ဘက်မှာရှိတဲ့ ကျေးရွာ လေးရွာက ပြည်သူလူထုတွေ စစ်ဘေးရှောင်နေရတာလို့ ဒေသခံတွေကပြောပါတယ်။

“စစ်တပ်က မနက် ၆ နာရီလောက်က စပစ်တာ။ ယင်းမာပင်မြို့ပေါ်ကနေ အနောက်မြောက်ဘက် ကျနော်တို့ရွာတွေဘက်ကို လှမ်းပစ်တာ။  တိုက်ပွဲဖြစ်တာလည်းမရှိဘဲ လှမ်းပစ်နေတော့ အနီးနား က ရွာတွေလည်း အကုန် ဘေးလွတ်ရာရှောင်နေရပြီ” လို့ စစ်ဘေးရှောင်ဒေသခံတဦးက ပြောပါတယ်။

မြို့ပေါ်ကျေးရွာ၊ ပြောင်းပြာကျေးရွာ၊ နုံးကြီးကျေးရွာ နဲ့ ရွာထောင်ကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024