ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း နှစ်ယောက်လွတ်မြောက်ဖို့ ဇွန် ၁၆ ရက်နေက စပြီးလိုက်ရှာနေကြတဲ့ ဒေသခံတွေဟာ ဇွန် ၂၀ ရက် ဒီနေ့မှာ ရှာဖွေမှု ရပ်တန့်လိုက်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ကတော့ ဇွန်လ ၁၆ ရက်နေ့ကတဲ့က တွေ့နိုးနိုးနဲ့ လိုက်ရှာခဲ့ကြတယ်။ မနေ့ကတော့ ရှာဖွေတဲ့အဖွဲ့တွေ အပစ်ခံရပြီး ဒဏ်ရာ ၃ ဦးရခဲ့တယ်။ ကျနော်တို့မှာ လက်နက်မရှိဘူး။ ကျနော်တို့ လိုက်ရှာသူတွေနဲ့အတူ နယ်ခြားစောင့်တပ်သားတွေ ပူးပေါင်းပါဝင်ပြီး လိုက်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ သံသယရှိတဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေ့ဖို့ကျတော တားဆီးမှုတွေ ရှိနေတယ်” လို့ သာယာကုန်းကျေးရွာသား ကိုမောင်လှသိန်းက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ ကျောင်းအုပ် ဆရာကြီး နဲ့ ဆရာမ တို့အား ကွမ်းသီးပင်ကျေးရွာအုပ်စု မဲတီကျေးရွာသို့ လိုက်ရှာနေကြသူတွေဟာ ဇွန် ၁၉ ရက် နေ့ညနေ ၃ နာရီလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခံရတာကြောင့် ၃ ဦး ဒဏ်ရာရှိသွားခဲ့ပါတယ်။
ဒေသခံတွေနဲ့ ပူးပေါင်းရှာဖွေပေးတဲ့ လက်နက်ကိုင် နယ်ခြားစောင့်တွေဟာ စိတ်ပါဝင်စားမှုမရှိဘဲ အလေးမထားတဲ့ ပုံစံမျိုးတွေမြင်နေရကြောင်း နံသာတောင်ကျေးရွာနေသူတဦးက ပြောပါတယ်။
"ကျနော်တို့က ပျော်လို့လိုက်ရှာနေကြတာတော့ မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံးရှာဖွေတွေ့ရှိအောင် အသက်ကိုအလေးမထားဘဲ ကူညီပေးကြတာပါ။ ဒါပေမဲ့ ကျနော်တို့ သာ ဘယ်နေရာမှာ ရှိနိုင်မလဲလို့ လိုက်ရှာကြတာ၊ လက်နက်ကိုင်တွေကျတော့ ဗလီပျက်တွေမှာ အိပ်သူက အိပ်၊ အနားယူသူက ယူနေကြတာ ဘယ်လိုမှ စိတ်ဝင်စားမှု မရှိတာ တွေ့ရတယ်။”
ဇွန် ၁၆ ရက်က သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမ ဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေက ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတထောင်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးဆီ ဆက်သွယ်တောင်းဆိုထားတာပါ။
လက်ရှိမှာ ပညာရေးဝန်ထမ်း နှစ်ယောက် လွတ်မြောက်ဖို့ ပြန်ပေးငွေ ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၂၀ အား ဇွန် ၁၉ ရက်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး လွှဲပေးထားပေမဲ့ အခုအချိန်အထိ မလွတ်မြောက်လာသေးပါဘူး။