ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအယောက် ၃၀ ကို နယ်စပ်ကင်းလှည့်တပ်တွေက အနောက်ဘက် ခရိုင် နှစ်ခုထဲမှာ ဇွန် ၁၉ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက်ပါဝင်ပြီး ထောင်ဖာဖွန်ခရိုင်နဲ့ ဆွိုင်ယော့ခ်ခရိုင်တွေထဲမှာ ဖမ်းမိခဲ့တာဖြစ်ကာ ထိုင်းလူမျိုးလမ်းပြ ၆ ယောက်ကိုပါ ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ရဲတွေက သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသ မြို့တွေအသီးသီးကနေ လာရောက်ခဲ့ကြတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြတာဖြစ်ကာ နိုင်ငံတွင်း အလုပ်နေရာတွေဆီ ခေါ်ဆောင်ပေးသွားမယ့် ထိုင်းလမ်းပြတွေနဲ့ ထောင်ဖာဖွန်ခရိုင်နဲ့ ဆွိုင်ယော့ခ်ခရိုင်တွေထဲမှာ တွေ့ဆုံခဲ့ကြချိန်မှာ ခုလိုဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ဟာ ဆမွတ်စာခွန်း၊ ရာယောင်း၊ ကန်ချနဘူရီနဲ့ ဘန်ကောက်အလုပ်တွေဆီအရောက် ပို့ဖို့ ကတိပေးထားတဲ့ ပွဲစားတွေကို ပွဲစားခ တယောက်ကို ဘတ် ၁၅၀၀၀ ကနေ ၃ သောင်းစီထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို ခရိုင် ၂ ခုထဲက ရဲစခန်းတွေမှာ ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး နေရပ်ပြန်ပို့နိုင်ရေး လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူတို့နဲ့အတူ ဖမ်းမိခဲ့တဲ့ ထိုင်းနိုင်ငံသား လမ်းပြတွေကိုလည်း နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ထောက်ပံ့ကူညီမှုနဲ့ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဆိုပါတယ်။