ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ကျောင်းအုပ် ဆရာကြီး နဲ့ ဆရာမ တို့အား လိုက်ရှာနေကြသူတွေ ဇွန် ၁၉ ရက် ဒီနေ့ညနေ ၃ နာရီလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခံရတာကြောင့် ၃ ဦး ဒဏ်ရာ ရှိသွားတယ်လို့ လိုက်ရှာသူတွေထဲပါဝင်တဲ့ ဒေသခံတဦးက အတည်ပြုပြောပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ အုပ်စုလာတာကိုမြင်တာနဲ့ သေနတ်နဲ့ ၇ ချက်ပစ်တာ ၃ ဦးဒဏ်ရာရသွားတယ်။ ပစ်တာက ဘယ်အဖွဲ့လဲဆိုတာမသိပါဘူး။”
ဇွန် ၁၆ ရက် နေ့လယ်က သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေက ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတထောင်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးဆီ ဆက်သွယ်တောင်းဆိုထားတာပါ။
ပျောက်ဆုံးနေသူ ၂ ဦးအား ဒီနေ့ အဖွဲ့ ၆ ဖွဲ့ခွဲပြီး လိုက်ရှာနေကြရာ ကွမ်းသီပင်အုပ်စု မဲ့တီကျေးရွာမှာ လိုက်ရှာတဲ့အဖွဲ့ အပစ်ခံရတာလည်းဖြစ်ပါတယ်။
“ဒီနေ့မှာ ကျနော်တို့ လူ ၂၀၀ ကျော်လောက်စုပြီး အဖွဲ့ ၆ ဖွဲ့ခွဲပြီး လိုက်ရှာနေကြတာ။ ကွမ်းသီးပင်ကျေးရွာ အုပ်စုကအဖွဲ့ အပစ်ခံရတာ။ အခု နယ်ခြားစောင့်တွေလိုက်သွားကြတယ်” လို့ ဒေသခံက ပြောပါတယ်။
ဒဏ်ရာရှိသူတွေကတော့ ခူတိုင်ရွာမှ ဦးနီအောင်နဲ့ အခြား ၂ ဦးတို့ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် ရှာဖွေသူ ၅၀ လောက်ဟာ လူအုပ်စုကွဲသွားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ သင်္ဘောလှမူလွန်ကျောင်းကျောင်းအုပ် ဆရာကြီးဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့အား ဒီနေ့ ၃ ရက်မြောက်အဖြစ် လိုက်လံရှာဖွေနေကြတာပါ။
အခုလို ပြန်ပေးဆွဲခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရခိုင်ပြည်နယ်ကောင်စီနဲ့ စစ်ကောင်စီပညာရေး ဝန်ကြီးဌာနတို့က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။