မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇွန် ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးတယ်လို့ PDF-ဂန့်ဂေါ တပ်ရင်း (YRPA) က ပြောပါတယ်။
ဂန်ဂေါ့မြို့နယ် တောင်ခင်ရမ်းရွာမှာ ညအိပ်ပြီး မြောက်ဘက်ကို ထွက်လာတဲ့ အင်အား ၂၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇွန် ၁၈ ရက် မနက် ၇ နာရီလောက်က သင်တောရွာအထွက်မှာ ပြည်သူ့ကာကွယ်ရေးတပ် ၇၀၁ ဂန့်ဂေါတပ်ရင်း (YRPA) က ရှေ့ထွက်ပြောင်းနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဂန့်ဂေါတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲကို PDF-ဂန့်ဂေါတပ်ရင်းနဲ့ ပ.က.ဖ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်။ ဂန့်ဂေါမြို့နယ်အတွင်းမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်”လို့ ပြောပါတယ်။
PDF-ဂန့်ဂေါတပ်ရင်းအနေနဲ့ ဇွန်လ ၁၆ ရက်မှာ ကန်ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူတချို့ရှိပြီး ဇွန်လ ၁၇ ရက်မှာလည်း မွေ့လယ်ရွာ မြောက်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး ၅ မိနစ်လောက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။