Home
မြန်မာသတင်း
သာစည်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦး၏ နေအိမ်ကို မီးရှို့၊ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်သွား
DVB
·
June 19, 2022
287717908_1224542231614964_5549294464390301359_n

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ငှက်ပျောတောကျေးရွာအုပ်စုမှာ PDF နဲ့ ဆက်နွှယ်တယ်ဆိုပြီး ဒေသခံပြည်သူတယောက်ရဲ့ နေအိမ်ကို ဇွန်လ ၁၈ ရက်မှာ  စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပြီး  ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားပါတယ်။

ငှက်ပျောတောကျေးရွာအုပ်စုမှာနေ ရွာသား ဦးအောင်ခိုင်နေအိမ်ကို ဇွန် ၁၈ ရက် မနက် ၅ နာရီခွဲလောက်မှာ ပျူစောထီးခေါင်းဆောင်ဦးဝင်းမြင့်နဲ့ ကလောမြို့ အခြေစိုက် တပ်မ ၅၅ တို့က စစ်ကောင်စီ ကား ၇ စီး၊ လူအင်အား ၅၀ ဝန်းကျင်နဲ့ ရောက်ရှိလာပြီး နေအိမ်အတွင်းက အဖိုးတန်ရွှေငွေတွေ၊ ဆိုင်ကယ်တွေကို ယူဆောင်ကာ အိမ်ကိုမီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတစ်ဦးက " မနက် ၅ နာရီခွဲအချိန်လောက်ကို သူတို့တွေ ရောက်လာတာ။  ဦးအောင်ခိုင်တို့မိသားစုကတော့ အချိန်မီရှောင်နိုင်လို့ လွတ်သွားပါတယ်။ သူ့အိမ်မှာရှိတဲ့ အဖိုးတန် ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေ ဖုန်းတွေ၊ ဆန်စပါးတွေကို ကားပေါ်တင်ပြီးယူသွားကြတယ်။  ဦးအောင်ခိုင်ရဲ့ သားအကြီးဖြစ်သူကို PDF တွေပုံပြပြီး မေးပြီးရိုက်နှက်တာတွေ လုပ်သွားပါတယ်။ ကျေးရွာအတွင်းမှာရှိတဲ့ ရွာသူ ရွာသားတွေကို စာသင်ကျောင်းမှာ စုခိုင်းပြီး အိမ်ကို မီးရှို့သွားတယ်။ နောက်တစ်ခေါက်ထပ်လာအုံးမယ်လို့ပြောသွားတယ်”လို့  ဒီဗွီဘီကို ပြောပါတယ်။

အမည်မဖော်လိုသူ ရွာသားတစ်ဦးက " ဦးအောင်ခိုင် အိမ်ကို လိပ်စာအတိအကျနဲ့ လာဖမ်းတာ ဖြစ်ချင်တော့ အကုန်လုံးရှောင်လိုက်နိုင်တယ်။ အိမ်နားက တောအစပ်မှာ ဖွက်ထားတဲ့ လက်နက်ခဲယမ်းနဲ့ မိုင်းတွေပါ မိသွားတယ်လို့ ကြားတယ်။ ဦးအောင်ခိုင်အိမ်မှာ ရှိတဲ့ ဆွဲကြိုး ၃ ကုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ပိုက်ဆံ ၃ သိန်းခွဲ၊ ဆိုင်ကယ် ၇ စီး၊ ဖုန်း ၁ လုံး နဲ့ ဆန်စပါး ၁၀ အိတ်ကျော် ကိုအကုန်ယူသွားတယ်။ ခြံထဲမှာစိုက်ထားတဲ့ ငရုပ်သီးတွေလည်းခူးတယ်။ မနက်စာအတွက် ချက်ထားတဲ့ အမဲသား ဟင်းအိုးကို အိုးလိုက်မ သွားတယ်လို့ "ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်လာတဲ့ အချိန် ကျေးရွာအတွင်းမှာရှိတဲ့ လူလတ်ပိုင်းအမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီး ဦးအောင်ခိုင်ရဲ့ နေအိမ်ကို အနီးနားမှာ ရှိတဲ့ ပြည်သူ တချို့က ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက "ကျနော်တို့ ဆုံးရှုံးမှုတွေက များပါတယ် ။ လက်နက်ခဲယမ်း တချို့နဲ့ စားနပ်ရိက္ခာတွေ ပါသွားတယ်။ အဘ ဦးအောင်ခိုင်ရဲ့ နေအိမ်မီးရှို့ရပြီး အိမ်တွင်း ပစ္စည်းတွေ ပါသွားတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ အခုမဟုတ်တောင် အေးချမ်းတဲ့ အချိန် အိမ်ပြန်ဆောင်ပေးနိုင်ဖို့ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။ 

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ပျူစောထီး ခေါင်းဆောင် ဦးဝင်းမြင့်နဲ့ တပည့် နှစ်ယောက် လိုက်ပါစီးနင်းလာတဲ့ ကားကို ပြီးခဲ့တဲ့ ဇွန် လ ၁၂   ရက် ညနေ ၅ နာရီခွဲလောက်က  ရွာငံမြို့နယ် မိန်းမရဲတောင်အနီး လမ်းမကြီးပေါ်မှာ အမည်မသိအဖွဲ့တဖွဲ့က သေနတ်နဲ့ တိုက်ခိုက်ခဲ့တာ တပည့် နှစ်ယောက် သေဆုံးသွားပြီး ဦးဝင်းမြင့်လည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024