Home
မြန်မာသတင်း
ကလေးမြို့ အမှတ် ၈ အထက်တန်းကျောင်း ဗုံးပစ်ခံရ
DVB
·
June 16, 2022
KaLay BEHS

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက် မြို့ပတ်လမ်းရှိ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၁၅ ရက်က ဗုံးနဲ့ပစ်ခံရတယ်လို့ ကျောင်းအနီးရှိ ဒေသခံတွေက ပြောပါတယ်။

ကျောင်းအနီးမှာနေထိုင်တဲ့ မြို့ခံတဦးက “မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ အသံကြားလိုက်ရတာ။ အသံကြားလို့ ကြောက်တော့ အိမ်ထဲအပေါက်ပိတ်ပြီးနေကြတာ။ ကျောင်းသားတွေ ထိခိုက်တာတော့ မရှိလောက်ဘူးထင်ပါတယ်။ ဆေးရုံကားတွေလာတာတော့ မတွေ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

PDF တွေက ကျောင်းသားတွေ ထိတ်လန့်ကြောက်ရွံ့ပြီး ကျောင်းမတက်နိုင်အောင် လက်လုပ်လက်ပစ်ဗုံး ၁ လုံးနဲ့  ကျောင်းဝင်းခြံစည်းရိုးအနီး ပစ်ခတ်ဖောက်ခွဲခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲ သတင်းထုတ်ပြန်ထားပါတယ်။

ကလေး PDF အမှတ် ၆ တပ်ရင်းမှ ကိုဂျပန်ကြီးက “စစ်ကောင်စီဘက်က သူတို့ဘာသာသူတို့ ပစ်ခတ်ပြီး ကျနော်တို့ပဲ စွပ်စွဲနေတာ။ ကျနော်တို့အနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း အစရှိတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အရာတွေကို ဗုံးနဲ့ပစ်မှာမဟုတ်သလို မီးရှို့ဖျက်ဆီးမှာလည်း မဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းမှာပဲ မေ ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က PDF တွေ မီးရှို့ဖျက်ဆီးတာလို့ စွပ်စွဲထားပြီး ဒေသခံ PDF တွေအနေနဲ့လည်း လုပ်ဆောင်တာမရှိဘူးလို့ ငြင်းဆိုထားတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024