မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၇ လမ်းနဲ့ ၁၈ လမ်းကြား၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြား နေအိမ်တအိမ်မှာ ဇွန် ၁၆ ရက် မနက် ၅ နာရီက မီးလောင်မှုဖြစ်ပြီး အမျိုးသမီး တယောက် သေဆုံးသွားပါတယ်။
နံရံကပ်ပန်ကာအပူလွန်ကဲရာကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်အပေါ်ထပ်ရှိ ၆၇ နှစ် အရွယ်အမျိုးသမီး တယောက် မီးခိုးမွှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရပ်ကွက်နေပြည်သူ တဦးက “မီးလောင်တာက အိမ်တအိမ်ထဲ။ မနက်ပိုင်းဆိုတော့ အိပ်ကောင်းနေတဲ့အချိန်ဖြစ်တာ။ စုစုပေါင်း အိမ်မှာ ၅ ယောက်လောက်ရှိမယ်။ အိမ်အပေါ်ထပ်က မိန်းမကြီးက မီးခိုးမွှန်ပြီး ဆုံးသွားတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် အသက် ၄၀ နှစ် အရွယ် အမျိုးသားတယောက်လည်း ပါး၊ ခြေထောက်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့ အတွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။