စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူး၊ နဘားကြားနဲ့ အင်းတော်၊ ကျောင်းကုန်းရွာကြား နှစ်နေရာမှာ စစ်ကောင်စီယာဉ်တန်းကို ဇွန် ၁၅ ရက် မနက်ပိုင်းက ကေအိုင်အေနဲ့ အင်းတော် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်းဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ မန္တလေးဘက်ကို ထွက်လာတာလို့ ဆိုပါတယ်။
“မော်လူးနဲ့ နဘားကြားမှာ မနက် ၂ နာရီမှာ မိုင်း ၅ လုံးဆွဲတာ (စ..) ကားတစီး လမ်းဘေးထိုးကျခဲ့ပြီး အသေအပျောက်စာရင်း အခုချိန်ထိတော့ မသိရသေးဘူးဗျ။ အင်းတော်နဲ့ ကျောင်းကုန်းရွာကြားမှာ မနက် ၇ နာရီခွဲလောက်မှာ မိုင်း ၁၀ လုံးကျော်နဲ့ ထပ်ပြီး မိုင်းဆွဲတာ၊ (စ..) အင်အား ၃၀ ကျော်ပါတဲ့ ကားနှစ်စီး ပက်လက်လန်သွားတယ်။ မြင်တွေ့လိုက်ရတဲ့သူတွေရဲ့ ပြောပြချက်အရ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကားပေါ် ဆွဲတင်သွားကြတယ်” လို့ IR အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခင်းဖြစ်နေရာမှာ အချိန်အတော်ကြာ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီဗွီဘီကလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဇွန် ၁၄ ရက် နေ့လယ်ပိုင်းကလည်း အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက် စစ်ကြောင်း ၃ ကြောင်းနဲ့ ခွဲတက်လာတဲ့ အင်အား ၉၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ကသာခရိုင် တပ်ရင်း ၂ အင်းတော်+ဗန်းမောက် မြေပြင် PDF တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ IR အဖွဲ့က ပြောပါတယ်။
“(စ..)တွေဘက်က ၉ ယောက်လောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ယူသွားပြီလို့ကြားပေမဲ့ ဘယ်ကိုသယ်သွားမှန်း အခုချိန်ထိ မသိရသေးပါဘူးဗျ။”
တိုက်ပွဲမှာ PDF တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက်မရှိ အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။