တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာမှာ နေထိုင်တဲ့ ကိုရန်ပိုင်စိုးနဲ့ ကိုမျိုးကိုတို့ ၂ ဦးကို စွန်ရဲအဖွဲ့က ဇွန် ၁၅ ရက် မနက်အစောပိုင်း နေအိမ်မှာ လာရောက်ဖမ်းဆီး ပစ်သတ်ပြီး အလောင်းကို ရွာနီးချင်းစပ် ဝက်ချောင်းကျေးရွာ တံတားအနီး ပစ်ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ချခံထားရတဲ့ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းအနီးမှာ စွန်ရဲအဖွဲ့တံဆိပ်တွေ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “သူတို့က ညီအစ်ကိုဝမ်းကွဲတွေ၊ အေးအေးဆေးဆေးပဲနေတာ ရပ်ထဲရွာထဲ။ အခုလိုကြားရတော့ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဇွန် ၁၅ ရက် မနက်အစောပိုင်းမှာလည်း NLD ပါတီထောက်ခံသူ ဦးကြည်ငွေရဲ့ နေအိမ်ကို စွန်ရဲအဖွဲ့က ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဦးကြည်ငွေမိသားစုနဲ့ နီးစပ်သူတဦးက “အိမ်အရှေ့ပိုင်းကတော့ ဗုံးတွေကြောင့် ပျက်စီးသွားတယ်၊ လူတွေက ရှောင်နိုင်ကြလို့ ဘေးကင်းတယ်” လို့ ပြောပါတယ်။
အဲဒီနောက် စွန်ရဲအဖွဲ့က NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးသိန်းရဲ့နေအိမ်ကို ဝင်ရောက်ပြီး အုပ်ချုပ်ရေးမှူးကို ရှာမတွေ့လို့ သမီးဖြစ်သူကို ကြိုးတုပ်ပြီးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ပုဂေါဇွန်းရွာမှာ အရပ်ဝတ်လက်နက်ကိုင်တွေက ရပ်ရွာနေထိုင်သူတဦးအား PDF တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်မှာ ဖမ်းဆီးသတ်ဖြတ်ဖို့ လာရောက်ခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ရေဖြူအနောက်ဘက်ကမ်းဒေသမှာ စွန်ရဲအဖွဲ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ရွာသားတချို့ တိမ်းရှောင်နေရသလို စွန်ရဲအဖွဲ့ဝင်တွေ ကိုယ်တိုင်လည်း အသတ်ခံရတာမျိုးတွေ ရှိတာကြောင့် ရပ်ရွာမှာမနေရဲဘဲ ထွက်ပြေးနေကြရပါတယ်။