မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန် ၁၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း(၂) က ပြောပါတယ်။
ရေစကြိုမြို့နယ် ဆင်ချောင်းနဲ့ ဇီးကုန်းရွာကြားက ရွာချင်းဆက်လမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးလာတဲ့ တောင်းအေ့စ် အဖြူရောင်ကားတစီးကို လယ်ကြီးတံတားနားမှာ ရေစကြို PDF မိုင်းအထူးတပ်စုက မိုင်း ၂ လုံးခွဲပြီး တိုက်ခိုက်ရာ ကားနောက်ပိုင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီကားရဲ့နောက်ကနေ ဆိုင်ကယ်တွေနဲ့ လိုက်ပါလာတဲ့ စစ်(...) ၈ ယောက် မိုင်းကွဲတဲ့နေရာမှာ ဆိုင်ကယ်ရပ်ထားခဲ့ပြီး ကျနော်တို့နောက်ကို ခြေလျင်လိုက်လာလို့ နောက်ထပ် မိုင်းတလုံးထပ်ဆွဲလိုက်တော့ ၂ ယောက်ပဲ မတ်တပ်ရပ်နိုင်တယ်။ စစ်(...) ၃ ယောက်သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။”
ဆက်လက်ပြီး တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက “အဲဒီနေရာမှာ MA1 သေနတ်သံတွေ ဆက်တိုက်ကြားရပြီး ရေစကြို-PDF ရဲဘော်တွေ မိဘပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။ မိဘပြည်သူတွေအနေနဲ့ စစ်(...)၊ ရဲ(...)နဲ့ ဒလန်တွေရဲ့ လှုပ်ရှားမှုသတင်းတွေကို ပေးပို့ခြင်းနဲ့ အကူအညီပေးဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ ဇွန် ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ ကားတစီးကို ရေစကြို-PDF တပ်ရင်း (၂) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၂ ယောက်သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်းမှူးက ပြောဆိုထားပေမဲ့လည်း ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့သေးပါဘူး။