နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်မှာ ဇွန် ၁၄ ရက် ဒီနေ့မနက်ပိုင်းက ဗုံး ၂ ကြိမ်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးပေါက်ကွဲစဉ် အနီးနားရှိနေသူတစ်ဦးက “လယ်ဝေးမြို့နယ် ဗောဓိကုန်း မီးပွိုင့်အနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ပထမအကြိမ်ပေါက်ကွဲစဉ်က မော်တော်ကားတစ်စီးကို ထိခိုက်မိခဲ့ပြီး အဆိုပါကားကို စစ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေက စစ်ဆေးနေစဉ်မှာ နောက်တစ်လုံး ထပ်မံပေါက်ကွဲခဲ့တာ”လို့ ပြောပါတယ်။
ဒုတိယဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေရှိနိုင်ပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်တာ မရှိသေးပါဘူး။
အဆိုပါဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ဖော်ကြေညာတာမရှိသေးဘဲ စစ်တပ်နဲ့ ရဲတွေကတော့ လယ်ဝေးမြို့နယ်အတွင်း ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးနေပါတယ်။