ခေတ္တခဏခိုနားခွင့်ရခဲ့တဲ့ရွာကလေးတွေမှာ လူပေါင်းစုံ အသွင်ပေါင်းစုံ စိတ်ပေါင်းစုံနဲ့ အသွေးအရောင် ပေါင်းစုံကို ကြုံဆုံခဲ့ရပါတယ်။
အဲသည်မှာ အခုအချိန်အထိ ကံကောင်းတာတစ်ခုက ရင်ဘတ်ခြင်းတူသူတွေနဲ့ကော မတူသူတွေနဲ့ပါ အဆင်ပြေပြေဖြတ်သန်းခွင့်ရခဲ့တာ၊ ခလုတ်မထိ ဆူးမငြိ ဘေးရန်ကင်းစွာရှင်သန်ခွင့်ရခဲ့တာပါခင်ဗျ။
ရွာကလေးတစ်ရွာမှာ လေးငါးဆယ်ရက်နားခိုခွင့်ရတော့ အဲသည်ရွာကလေးဟာ တစ်ရွာလုံး အနီရောင်တွေဆိုတာ သိခွင့်ရခဲ့ပါတယ်။ နောက်ထပ်ခရီးဆက်ပြီး ရွာကလေးတစ်ရွာမှာ သုံး လေး ငါးရက် ခိုနားပြန်တော့ အဲသည်ရွာကလေးဟာ နွေဦးကာလသစ်ပင်ကို ကြည့်ရသလိုပဲ၊ အနီရွက်တွေကော အစိမ်းရွက်တွေပါ တွေ့ရတယ်။ ဒါပေမဲ့ သူ့အကိုင်းနဲ့သူ သူ့နေရာနဲ့သူ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ကြတာကို မြင်ရပါတယ်။
အဲသည်ရွာကလေးရဲ့ နားခိုမှေးစက်ခွင့်ရတဲ့အိမ်ခြံဝင်းကလေးထဲမှာ တံမြက်စည်းထလှည်းဖြစ်တော့ အနီရောင်သစ်ရွက်တွေသာမက အစိမ်းရောင်အရွက်တွေပါ နေ့စဉ်နေ့တိုင်း တလှေကြီး ကြွေကျပျက်သုဉ်းနေတာကို မြင်ရပါတယ်။
တစ်ခါတော့ ခရီးဆက်ခဲ့ရပြန်ပြီး ညီအစ်ကို မသိတသိအချိန်မှာ ရွာကလေးတစ်ရွာကို ရောက်ရှိကာ အဲသည်ရွာက ဘုန်းကြီးကျောင်းမှာခေတ္တရပ်နား မှေးစက်ရပြန်ပါတယ်။
မြန်မာနိုင်ငံက ရွာကလေးတွေမှာ ‘ဧည့်သည်’ ဆိုရင် ခုထိ ပစ်ပယ်မထားတတ်တဲ့ ချစ်စရာဓလေ့လေး ရှိနေသေးတာကတော့ ဝမ်းသာစရာပါ။
မနက်ဘက်ရောက်တော့ ဆရာတော်နဲ့ စကားစမြီပြောကြည့်ကာမှ ရွာ့မြောက်ကျောင်းထိုင်တဲ့ သည်ဆရာတော်ဟာ ‘ဒကာမကြီး အမေစု’ လို့သုံးတဲ့ အနီရောင်နှစ်သက်သူဖြစ်ပြီး ရွာ့တောင်ဘက် ကျောင်းထိုင်ဆရာတော်ကတော့ “ဒေါ်စုကြည်” လို့သုံးတဲ့ “စိမ်းသရဖူစိမ်းကိုယ်တော်” လို့ သိခွင့်ရခဲ့ပါတော့တယ်။
ဘာပဲဖြစ်ဖြစ် နီသည်ဖြစ်စေ စိမ်းသည်၊ ဖြစ်စေ ကြုံဆုံခွင့်ရခဲ့တဲ့သူတွေနဲ့ အဆင်ချောချော ဖြတ်သန်းနိုင်ခဲ့တာကတော့ကံတရားရဲ့မျက်နှာသာပေးမှုကြောင့် ရှေးကုသိုလ်ကံကြောင့်လို့ပဲ ဆိုရမှာပါ။
ဖြတ်သန်းခဲ့ရတဲ့ ရွာကလေးတွေမှာ သွယ်သွယ်ဝိုက်ဝိုက် မေးမြန်းစူးစမ်းမှု ခံရတာတစ်ခုကတော့ “ဘယ်အရောင်ကို နှစ်သက်လဲ” ဆိုတဲ့ဟာပါပဲ။ အဲသလိုကြုံရပြီးတဲ့အခါ စကားထိုင်ပြောပြီးတဲ့အခါ ဖေကြီးဟာ “ အရောင်စွဲမရှိသူ” ဆိုတာကို သိသိသွားကြပါတယ်။
မည်သို့ပင်ဖြစ်စေ . . “အရောင်တွေ“ကိုကျော်ပြီး “ဓမ္မ” နဲ့ “ အဓမ္မ” ကို“တရား မျှတမှု” နဲ့ “မတရား မမျှတမှု“ကို ခွဲခြားနိုင်တဲ့သူတွေ များများနဲ့ မြန်မြန် ဆက်တိုက် ဆက်တိုက် စဉ်ဆက်မပြတ် ပေါ်ထွန်းလာပါစေလို့ ဆုတောင်းဖြစ်တာလည်း နေ့စဉ်နေ့တိုင်းပါပဲ။
တစ်ခါတလေ နားခိုခွင့်ရတဲ့အိမ်ကလေးတွေမှာ PSI စလောင်းတွေရှိတာကြောင့် လက်ရှိ နေ့စဉ် ဖြစ်ပျက်နေတဲ့ “သတင်းမှန်” တွေကို အချိန်နဲ့တပြေးညီ ကြားရ မြင်ရတဲ့အတွက် အစာကြေ ရင်ချောင်ခဲ့ရပါတယ်။
တစ်ခါက ခိုနားခွင့်ရခဲ့တဲ့အိမ်ကလေးရဲ့အိမ်ရှင်ဟာ “မြဝတီ” လိုင်းကိုပဲ ဖွင့်ဖွင့်ပြီး အားပေးတတ်ပါတယ်။ မြင်ရ ကြားရတာတွေကတော့ အများပြည်သူသိရှိတော်မူကြတဲ့အတိုင်းပါပဲ။ သူက အဲသည်လိုင်းကို ထိုင်ထိုင်အားပေးနေရင်း တစ်ရက်မတော့ အခုလိုပြော လာပါတယ်။
“သူတို့တွေ ဘယ်လိုတွေ လိမ်မယ် ညာမယ် ဘယ်လောက်အထိကို ညာအုံးမယ် လိမ်အုံးမယ်ဆိုတာ သိထားချင်လို့ နားဒုက္ခခံ မျက်စိဒုက္ခခံပြီးတော့ကို စောင့်စောင့်ကြည့်ပြီး သုံးသပ်နေတာ ကိုဖေကြီးရ”
အဲသည်လိုတွေလည်း မြင်ရ ကြုံရပါတယ်။ တစ်ခါတစ်ခါလည်း တကယ့်ကို ရှားရှားပါးပါး လူပုဂ္ဂိုလ်တချို့ကို ကြုံရ ဆုံရတတ်ပါသေးတယ်။ အဲဒါကတော့ “မအလ” ကို အသားလွတ်ကြီး နှစ်သက် သဘောကျနေတတ်သူတွေပါ ခင်ဗျ။
မအလကြီးဘာပြောပြော ဘာလုပ်လုပ် သဘောတွေခွေ့ပြီး ကြိုက်နေတဲ့ အနည်းစု လေးငါးယောက်ပေါ့ ခင်ဗျာ။
'ရေငုပ်သင်္ဘော' ပြောလည်း ကြိုက်တာပဲ၊ 'မြေအောက်ရထား' ပြောလည်း ကြိုက်တာပဲ၊ 'လျှပ်စစ်ကား' ပြောလည်း ကြိုက်တာပဲ၊ ဗမာ့ဗိန္တောနည်းနဲ့ 'ကိုဗစ်ကာကွယ်ဆေး' ထုတ်မယ်ပြောလည်း ကြိုက်တာပဲ၊ ရွေးကောက်ပွဲလုပ်မယ်ပြောလည်း ကြိုက်တာပဲ၊ PR စနစ်ပြောလည်း ကြိုက်တာပဲ၊ ယူကရိန်းကို ရန်စကျူးကျော်တဲ့ ရုရှားကို ထောက်ခံတယ်ပြောလည်း ကြိုက်တာပဲ။ အဲသလို မျက်ကန်းတစ္ဆေမကြောက်ငပေါက်တွေကိုလည်း နည်းနည်းတော့ ကြုံရပါတယ်။
ဖက်ဆစ်တပ်ကို အသားလွတ်ကြီး ကြိုက်နေတဲ့သူတွေကိုလေ့လာကြည့်တော့ “စိမ်း သရဖူစိမ်းတွေ “ ဆိုတာ မြင်ရပါတယ်ခင်ဗျ။ သူတို့တွေရဲ့ခေါင်းထဲမှာ “အနီ“ ဆိုရင် “ ရန်သူ” ပဲ။ “ဒေါ်အောင်ဆန်းစုကြည်” ဆိုရင် မျက်စိမှိတ်ပြီး “ မုန်း” လိုက်ကြတာပါပဲ။ ၂၀၁၅ ကနေ ၂၀၂၀ ပြည့်နှစ်အထိ ၅ နှစ်ကလေးအတွင်းမှာ NLD ကနိုင်ငံတဝန်း လုပ်ပေးသွားတာတွေကို မနာလိုမရှုစိမ့်တဲ့ “ အစိမ်းသရဲ” တွေလို့အဘစောမူးသာက ပြောတတ်ပါတယ်။
လုပ်ခွင့်ရခဲ့တဲ့ ဒီ ၅ နှစ်တောင်မပြည့်တဲ့ အချိန်ကလေးအတွင်းမှာ တစ်သက်လုံး လျှပ်စစ်မီးမရရှိခဲ့တဲ့“ ရခိုင်မြေ” ကို လျှပ်စစ်တွေရအောင်စွမ်းဆောင်ပေးခဲ့တယ်။ တစ်သက်လုံးလမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲခဲ့တဲ့ “ချင်းမြေ” မှာ “လေယာဉ်ကွင်း“တွေ ဖောက်လုပ်ပေးခဲ့တယ်။ ကျန်တဲ့ပြည်နယ်နဲ့တိုင်းတွေမှာလည်း အများကြီးမှ အများကြီးကို လုပ်ပေးခဲ့တယ်။
တစ်သက်လုံး “အိပ်မက်” တောင်မှမက်ခွင့်မရှိတဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် “ဝန်ထမ်းအိမ်ရာ” တွေနိုင်ငံ့နေရာအနှံ့မှာ တည်ဆောက်ပေးခဲ့ပါတယ်။ အရင်ခေတ်အဆက်ဆက်ကတော့ အဲဒါတွေဘယ်လုပ်မလဲ၊ “အိတ်တွေထဲ” ပဲ ထည့်ခဲ့ကြတာလေ။
အဲသည် ကောင်းကွက်တွေကိုမြင်လေ ဒင်းတို့စိတ်ထဲ အကျိတ်အခဲတွေဖြစ်ပြီးမခံနိုင်လေ၊ NLD ကို တင်းလေပေါ့ဗျာ။
အခု အဘစောမူးသာတို့ရွာမှာ အနေကြာလာတော့ ရွာသားတွေနဲ့ ရင်းနှီးနေပါပြီ။ အနီဖြစ်စေ အစိမ်းဖြစ်စေ နောက်ပေါက် အဝါတွေနဲ့ပါ ရင်းနှီးနေပါပြီ။ အဘစောမူးသာတို့ အဘထွန်းခင်တို့ အဘရစ်ချတ်တို့ စစ်ပြန်ကြီးအဘလုံးတုံးတို့နဲ့တော့ “ အဖွဲ့ကျ” နေတာပေါ့ ခင်ဗျာ။
အဘစောမူးသာကတော့ “ဓမ္မ” နဲ့ “အဓမ္မ” ကို အမြဲတမ်း သုံးသပ်ပြပါတယ်။ “ခေတ်ကောင်း” နဲ့ “ခေတ်ပျက်” ကို ယှဉ်ယှဉ်ပြတတ်ပါတယ်။ “မတရားမှု”တွေ ပြုလုပ်နေတဲ့သူတွေကို ထောက်ခံဘောမနေကြတဲ့သူတွေကိုလည်း အမြင်မှန်အောင် အမှန်မြင်အောင် ပြောပြတတ်ပါတယ် ခင်ဗျ။
ဒီနေ့ မိုးအေးအေးနဲ့ ရေနွေးကြမ်းဝိုင်းမှာရွာထဲက သူတို့ငယ်ပေါင်း ပြောမနာ ဆိုမနာ “အစိမ်းဥက္ကဋ္ဌ“ ဦးသိမ်းမောင်လည်း ရှိနေပါတယ်။
“ ဒီမယ် ငါပြောပြမယ် ‘စိမ်းမောင်’ ”
“ ဟဲ့ကောင် မူးသာ ငါ့နာမည် “သိမ်းမောင်” ကွ “ သိမ်းမောင်” ၊ မင်းငါ့ကို “စိမ်းမောင်” လို့ မခေါ်နဲ့”
“ ဟားဟား ဟားဟား ဟားဟား . . . .ငါ က တင်စားဂုဏ်ပြု ပြီး ခေါ်တာပါ ဟ”
“ ဟားဟား ဟားဟား ဟားဟား . . .”
ရွာ့တောင်ကျောင်းက စိမ်းသရဖူစိမ်းဆရာတော် “ဦးစိတ္တ” ကိုလည်း “ဦးအစိမ်းတ”လို့ သူတို့ ခေါ်ကြတာပါပဲ။
“ဒီမယ် စိမ်းမောင် . . . အဲ . . ဒီမယ်သိမ်းမောင် . . . ဟိုတစ်ခါ ရွာနားက စစ်ကြောင်းဖြတ်သွားတုန်းက မင့်သား “စိမ်းကိုကို” ကို ဖက်ဆစ်တပ်က ဆင်းပြီး ရိုက်သွားတာတောင် အမှတ်မရှိသေးဘူးလား”
“ ငါ့သားက “ သိမ်းကိုကို” ပါဟ . . .”
“အေးပါ . . . မင်းတို့ “စိမ်းဆိုမှစိမ်းတွေ” လက်တွေ့အခြေအနေကို စဉ်းစားတွေးတောပြီး သုံးသပ်ကြည့်ဖို့ လိုနေပြီဟ”
“ဆိုစမ်းပါအုံး မူးသာ”
“အရင် ၂၀၁၅ ကနေ ၂၀၂၀ အထိ ၅ နှစ်တာကာလတိုလေးကိုပဲ ကြည့်ကြည့်၊ အခုမင်းတို့အဘ မအလခေတ်နဲ့ ဘယ်ဟာကပိုသာ ပိုကောင်းသလဲလို့”
“အင်း . . .”
အဘစောမူးသာကား ဥပမာများဖြင့် နှိုင်းယှဉ်ကာ ဆက်လက်၍ ပြောပြနေပါ၏။
“သိမ်းမောင် . . . ရိုးရိုးလေးပဲ မင်းတို့စဉ်းစားကြည့်ကြ၊ အရင် ဒေါ်စုလက်ထက်က ကုန်ဈေးနှုန်း အခြေအနေကို”
ဤသို့ဆိုကာ သူ့လက်ရေးကြီးကြီးဖြင့် ပြက္ခဒိန်အဟောင်း နောက်ကျောတွင် ကူးရေးထားသည့် စာရင်းကို ပြလေ၏။
ဒီဇယ်တစ်လီတာ = ၅၅၅ ကျပ်
ပရီမီယံဒီဇယ်တစ်လီတာ = ၅၆၅ ကျပ်
အောက်တိန်း 92 တစ်လီတာ = ၅၀၅ ကျပ်
အောက်တိန်း 95 တစ်လီတာ = ၆၁၅ ကျပ်
“အေး . . . အဲဒါ ဝယ်ချင်သလောက်ဝယ်၊ထည့်ချင်သလောက်ထည့်နော်၊ ဒီမှာလည်း ကြည့်ကြည့်ကြအုံး”
၁ ဒေါ်လာ = ၁၃၅၇ ကျပ်
ရွှေတစ်ကျပ်သား = ၁၄ သိန်း
“အင်း . . .”
“အေး . . . အခု မအလလက်ထက်မှာအဲသည်ဟာတွေ ဘယ်လောက်အထိ ‘ရောက်’ ကုန်ပြီလဲ၊ မင်း အခု လက်ရှိကာလမှာ “မြေသြဇာ” ဝယ်နိုင်သေးရဲ့လား၊ “ပိုးသတ်ဆေး” ဝယ်နိုင်သေးရဲ့လား၊ “စက်ဆီ “ ကော ဝယ်နိုင်သေးရဲ့လား . . . လက်တွေ့စဉ်းစားကြည့်တော်မူပါအုံး “ စိမ်းမောင်” ရဲ့”
ဦးသိမ်းမောင်ကား ပြတင်းပါက်မှ အဝေးသို့ငေးနေပါလေတော့၏ ခင်ဗျာ။ ထိုစဉ်ခဏ အိမ်ရှေ့မှ “အဖေရေ အဖေရေ” ခေါ်သံကို ကြားရကာ GZ အရွယ် လူငယ်တစ်ဦး ထော့နဲ့ထော့နဲ့ဖြင့် ဝါးတောင်မွေးကို အားယူကာ လျှောက်လှမ်းလာတာ မြင်ကြရပါလေ၏။
“အမယ်မယ် . . . ဟိုတစ်ခါ အရိုက်ခံခဲ့ရတဲ့ မင့်သား 'စိမ်းကိုကို ' တောင်မှလိုက်ခေါ်နေပြီဟ၊ ဒဏ်ရာက မပျောက်သေးဘူးလား ' စိမ်းမောင်'”
“ဒဏ်ရာကတော့ ပျောက်သွားပြီကွ၊ အရိုးက ဘာဖြစ်သွားတယ်မသိဘူး . . အဲသလိုပဲ လျှောက်လို့ရတော့တယ်ကွ . .. . . ဟူး”
“အင်း . . . ကဲကဲ ‘စိမ်းမောင်’ရေ . .မင်း အိမ်ပြန်ရောက်ရင် အခြေအနေအရပ်ရပ်ကို နဖူးပေါ် လက်တင်ပြီး သေသေချာချာစဉ်းစား . . . ဟုတ်ပြီလား . . .”
အဘ သိမ်းမောင်နှင့် သူ့သားတော်မောင် သိမ်းကိုကိုတို့ လျှောက်လှမ်းသွား၍မှ ခြံဝမရောက်မီ အဘစောမူးသာ၏ အောင်မြင်သော အသံဝါကြီးဖြင့် သီချင်းအော်ဆိုသံကို ကြားရပါပေလေတော့၏။
“အဘဘောမှာ ပျော်တယ်ဆိုတဲ့ အကောင်ရေ အကောင်ရေ . . . . ‘အညာတွေ’ကို တွေ့ပြီလား၊ ‘ညာသူကြီး’ ကို စွန့်ပြီလား . . . ကွဲကွဲပြားပြား ပြောပါ အကောင်ရေ”
ဖေကြီး(လေရှီး)