မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေကြည်အုပ်စု၊ တောင်နီတောင်ခေါင်းဒေသကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး ဆင်းလာတဲ့ စစ်ကောင်စီ ကား ၂ စီးကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မတ္တရာအရှေ့ပိုင်းနယ်၊ တောင်ကန်အုပ်စု၊ ကင်းကျေးရွာ အရှေ့ဘက်ရှိ ကျောက်ကြမ်းတောင်အနီးမှာ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရမှု များပြားနိုင်တယ်လို့လည်း မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ကျနော်တို့ မိုင်းကွင်းသုံးကွင်း တပြိုင်တည်းဆွဲတာ၊ ပဒေသာမိုင်းကွင်း သုံးကွင်းလုံး တပြိုင်ထဲဆွဲတာ၊ နှစ်စီးက ပဒေသာမိုင်းကွင်းထဲကို ဒဲ့အဝင်မှာ တည်ဆွဲတာ” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုဘက်က အာပီဂျီနဲ့ပါ ပြန်ပစ်ပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ဒဏ်ရာအပြင်းအထန်ရသူတွေရှိသလို အနီးက တပ်ထဲကို အလောင်းတွေ သယ်ယူသွားတယ်လို့ ဆိုပါတယ်။ မိုင်းဆွဲခံရတာကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မတ္တရာနယ်မှာတော့ အခုလအတွင်း စစ်အုပ်စုဘက်က ထိုးစစ်ကြီးကြီးမားမားဆင်နေပြီး လတ်တလောမှာ အဆိုပါ မိုင်းကွဲမှုဖြစ်ပွားရာအနီးက ကင်းကျေးရွာမှာ တပ်မ ၃၃ လက်အောက်ခံတပ်တွေ တပ်စွဲထားတယ်လို့ သိရပါတယ်။