အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးဖို့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ရောက်ရှိနေပါတယ်။
ALP ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ ရက်မနက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ နေပြည်တော်သို့ တပ်မတော်လေယာဉ်နဲ့ သွားရောက်တာဖြစ်ပြီး နေပြည်တော်လေဆိပ်မှာ စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့ ဧပြီလ ၂၂ ရက်က ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားပြီး တဖွဲ့ချင်းဆီ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။