ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန် ၉ ရက် မနက်က ကျောက်စိမ်းလုပ်ကွက်ဟောင်းထဲ ကားတစီးထိုးကျပြီး လသားကလေးငယ်တယောက် အပါအဝင် မိသားစုသုံးယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။
လသားကလေးငယ်တယောက် အပါအဝင် မိသားစုသုံးယောက် စီးနင်းလာတဲ့ ပါဂျဲရိုးကားဟာ ဘရိတ်ပေါက်သွားပြီး အေးမြသာယာရပ်ကွက်က ပေ ၅၀၀ လောက်ရှိတဲ့ လုပ်ကွက်ဟောင်းကျင်းထဲ ထိုးကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးက “လုပ်ကွက်ဟောင်းကန်က ပေ ၅၀၀ လောက်တော့ မြင့်လိမ့်မယ်။ မနက် ၁၀ နာရီလောက်က ပါဂျဲရိုးကားတစီး ကန်ထဲပြုတ်ကျသွားတယ်။ အထဲမှာ လသားကလေးငယ်တဦးလည်း ပါတယ်။ အားလုံး သုံးယောက်။ ခုချိန်ထိ မပေါ်သေးဘူးဆိုတော့ အသက်မရှင်နိုင်တော့ဘူး” လို့ ပြောပါတယ်။
ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်း ပြုတ်ကျခဲ့တဲ့ ပါဂျဲရိုးကားဟာ မှော်မောင်းလျှံကျေးရွာက ကားဖြစ်ပြီး လသားကလေးငယ်ကို ဖားကန့်ဆေးရုံမှာ ကာကွယ်ဆေးထိုးဖို့ သွားနေတုန်း အခုလိုဖြစ်ပွားခဲ့တာပါ။
မှော်မောင်းရှန်ကျေးရွာ ဒေသခံတဦးက “ကားက မှော်မောင်းရှန်ကနေ ဖားကန့်ကို တက်လာတာ။ ကလေးကာကွယ်ဆေးထိုးဖို့ တက်လာရင်း ဖြစ်သွားတာ။ ရေငုပ်ကျွမ်းကျင်သူတွေနဲ့ အလောင်းရှာဖို့ လုပ်နေတယ်” လို့ ပြောပါတယ်။
ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်း ပြုတ်ကျသွားတဲ့ ပါဂျဲရိုးကားကို လူမှုကယ်ဆယ်ရေးအသင်းတွေ၊ ဒေသခံ ရှာဖွေကယ်ဆယ်ရေးလုပ်သူတွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။