မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဇွန် ၉ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။
ကျိုက်ထိုကနေ ဘီးလင်းမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ၊ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီ ကားတစ်စီး ၄၀-မမ ကျည်ထိမှန်ခဲ့တာပါ။
မိနစ် ၂၀ နှစ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒေသခံတွေအဆိုအရ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဘီးလင်းမြို့နယ်ထဲကို အရှိန်ပြင်း မောင်းနှင်းသွားပြီး လမ်းတလျှောက်မှာလည်း အင်ဂျင်ဝိုင်တွေ ယိုဖိတ်စီးဆင်းသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သလို ၁၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။