စစ်ကောင်စီပြောထားတဲ့ တပ်စခန်းနေရာတွေကို ဆုတ်ပေးမှာမဟုတ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာပါက ပြန်တိုက်ဖို့ စစ်ရေးပြင်ဆင်ကာ အသင့်အနေအထားရှိနေတယ်လို့ SSPP/SSA ဒီကနေ့ ဇွန် ၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက် ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် လုံခြုံရေးတပ်စခန်း ၃ ခုကို ဇွန် ၁၀ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်က ဇွန် ၄ ရက်က သတိပေးထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ဆုတ်ခိုင်းတဲ့ SSPP/SSA ဌာနချုပ် လုံခြုံရေးတပ်စခန်း ၃ ခုကတော့ လွိုင်နိုင်းလမ်းခွဲအဝင်အနီး ခန့်မှန်းမြေပုံညွှန်း (ME-၃၇၀၃၁၇) ရှိစခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း (ME-၄၀၃၃၃၁) စခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံအညွှန်း (ME-၄၁၉၃၃၆) စခန်းတို့ဖြစ်ပါတယ်။
အဲ့ဒီတပ်စခန်းတွေဟာ “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေပြီး SSPP-SSA တပ်က ဆယ်စုနှစ်တခုစာ အခြေပြုခဲ့တဲ့ တပ်စခန်းတွေဖြစ်တာကြောင့် တပ်ဆုတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ SSPP/SSA ဘက်က ဒီကနေ့ ဇွန် ၉ ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်က အဲဒီတပ်စခန်းနေရာတွေကို ထိုးစစ်ဆင်လာပါက တိုက်ပွဲဖြစ်လာနိုင်ခြေရှိပြီး SSPP/SSA ဘက်မှာလည်း စစ်ရေးပြင်ဆင်ကာ အသင့်အနေအထား ရှိနေတယ်လို့ SSPP/SSA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းက မိုင်းရှူးမြို့နယ်၊ တာဆန်ဖူးဒေသမှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က တပ်ဆုတ်ခိုင်းတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် မိုင်းရှူးမြို့နယ်၊ တာဆန်ဖူးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် ကျေးရွာပေါင်း ၅ ရွာမက ပျက်စီးကာ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတာတွေ ရှိတာကြောင့် အဲဒီကျေးရွာက အရပ်သားပြည်သူလူထု ၄၀၀ ကျော်ဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်နဲ့လည်း စစ်ရေးတင်းမာနေပါတယ်။